မိတ္ထီလာမြို့တွင် ခင်ပွန်းဖြစ်သူက ဓာတ်ဆီလောင်းဆေးလိပ်တိုဖြင့်ပစ်ခြင်း၊ ပလတ်စတစ်ဖြင့်မီးရှို့ကာ ထပ်မံပစ်ပေါက်ခြင်း တို့ကြောင့် ဇနီးဖြစ်သူ မီးလောင်သေဆုံး
မိတ္ထီလာမြို့တွင် ခင်ပွန်းဖြစ်သူက ဓာတ်ဆီလောင်းဆေးလိပ်တိုဖြင့်ပစ်ခြင်း၊ ပလတ်စတစ်ဖြင့်မီးရှို့ကာ ထပ်မံပစ်ပေါက်ခြင်း တို့ကြောင့် ဇနီးဖြစ်သူ မီးလောင်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် သြဂုတ် ၁၂ ရက် ည ၉ နာရီခန့်က အမျိုးသားဖြစ်သူ ကိုနိုင်လင်း၂၇ နှစ်သည် အရက်သောက်ပြီး ဇနီးဖြစ်သူ မစုသီရိအောင်၂၈ နှစ် နှင့် စကားများရန်ဖြစ်ရာမှ ဓါတ်ဆီလောင်းကာ မီးရှို့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရန်ဖြစ်ပြီး ဇနီးဖြစ်သူအိမ်သာသွားနေစဉ် ခင်ပွန်းဖြစ်သူသည် ဆိုင်ကယ်ထဲမှ ဓါတ်ဆီထုတ်ယူခဲ့ပြီး ဇနီးအား ဓါတ်ဆီဖြင့်ပက်ကာ ၎င်းသောက်လက်စ မီးညှိထားသည့် ဆေးလိပ်ဖြင့် ပစ်ပေါက်ခဲ့သော်လည်း မီးမလောင်ခဲ့ ကြောင်း၊ ထို့ကြောင့် အရက်သောက်ရာတွင် အမြည်းထည့်သည့် ပလတ်စတစ်အိတ်ခွံအား မီးရှို့ပြီး ထပ်မံ ပစ်ပေါက်ခဲ့ရာ မီးလောင်သွားခဲ့ကြောင်း သိရသည်။
မီးလောင်ပြီးနောက် ခင်ပွန်းဖြစ်သူမှ သောက်ရေအိုးစင်မှ ရေများလောင်းချကာ ငြှိမ်းခဲ့သဖြင့် မီးငြိမ်းခဲ့သော် လည်း ဇနီးဖြစ်သူမှာ လည်ပင်း၊ ရင်ဘတ်၊ နောက်ကျော၊ ဘယ်ညာလက်နှစ်ဘက်လုံး၊ ညာဘက်ပေါင်၊ မိန်းမ ကိုယ်တို့တွင် အရေပြားတွန့်လိပ် ဒဏ်ရာများရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံမှတဆင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသမှု ခံယူခဲ့ရာ သြဂုတ် ၁၆ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဓါတ်ဆီလောင်းမီးရှို့သူ ကိုနိုင်လင်းအား ပုဒ်မ ၃၀၂ ဖြင့် မိတ္ထီလာမြို့နယ်၊ အမှတ်(၃)နယ်မြေရဲ စခန်းတွင် အမှုဖွင့်ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံသိရသည်။

ဘဝအဆက်ဆက် ဒီလိုအဖြစ်ဆိုးတွေက ဝေးပါစေ…
တူလေးဆုံးပြီး နာရီပိုင်းအကြာမှာပဲ ကွယ်လွန်သွားခဲ့တဲ့ မစံပယ်အောင်ရဲ့ နောက်ဆုံးခရီး
တခါတလေ ဘဝရဲ့ တိုက်ဆိုင်မှုတွေဟာ ရုပ်ရှင်တွေထက်တောင် ပိုပြီး ဆို့နင့်ဖို့ကောင်းနေတတ်ပါတယ်။
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုကတော့ ကာယကံရှင် မိသားစုတင်မကဘဲ ကြားရသူအပေါင်းကိုပါ မျက်ရည်ကျစေခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူရဲ့ ရက်စက်စွာ မီးရှို့မှုကို ခံခဲ့ရတဲ့ အသက် ၂၉ နှစ်အရွယ် မစံပယ်အောင် (ခ) မစုသီရိအောင်ဟာ မန္တလေးဆေးရုံကြီးမှာ ရက်အနည်းငယ်ကြာ ကုသမှုခံယူနေရင်းနဲ့ပဲ သြဂုတ်လ ၁၆ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
ဒီသေဆုံးမှုနောက်ကွယ်မှာ တကယ့်ကို အံ့သြတုန်လှုပ်စရာကောင်းတဲ့ သံယောဇဥ် တိုက်ဆိုင်မှုတစ်ခု ရှိနေကြောင်းကို ဖခင်ဖြစ်သူက ရင်ဖွင့်လာခဲ့ပါတယ်။
“တူလေးက အရင်ဆုံ:တော့၊ သမီးက ပြန်သက်သာရာကနေ ချက်ချင်း ရောဂါဖောက်ပြီး လိုက်သွားတယ်”
ဖခင်ကြီးရဲ့ ပြောပြချက်အရ သေဆုံးသူ မစံပယ်အောင်နဲ့ သူမရဲ့ တူလေးတို့ဟာ မွေးကတည်းက သားအမိတွေလို အလွန်သံယောဇဥ်ကြီးကြသူတွေ ဖြစ်ပါတယ်။
မစံပယ်အောင် ဆေးရုံတက်ရတဲ့ နောက်ရက်မှာပဲ တူလေးဖြစ်သူဟာလည်း ရုတ်တရက် နေမကောင်းဖြစ်ပြီး ဆေးရုံတင်ခဲ့ရပါတယ်။
ထူးဆန်းတာက သြဂုတ်လ ၁၁ ရက်နေ့ကတည်းက ဆေးရုံတက်နေရတဲ့ မစံပယ်အောင် သက်သာလာတဲ့အချိန်မှာ တူလေးကပါ လိုက်သက်သာလာခဲ့ပါတယ်။
ဒါပေမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာတော့ တူလေးဖြစ်သူဟာ ဘယ်လိုမှ ကုသလို့မရတော့ဘဲ အရင်ဆုံး ကွယ်လွန်သွားခဲ့ပါတယ်။

တူလေးဆုံ:သွားပြီဆိုတဲ့ သတင်းကြားပြီးနောက်မှာတော့ ပြန်သက်သာနေပြီဖြစ်တဲ့ မစံပယ်အောင်ဟာလည်း ရုတ်တရက် ရောဂါအခြေအနေ ဆိုးရွားလာပြီး တူလေးရဲ့နောက်ကို နာရီပိုင်းအကြာမှာပဲ ထာဝရလိုက်ပါသွားခဲ့ပါတယ်။
“ရည်ရွယ်ချက်ရှိရှိ အိမ်တံခါးပိတ် မီ:.ရှို့ခဲ့တာပါ”
ဖခင်ဖြစ်သူက တချို့ပြောနေကြတဲ့ အကြောင်းအရာတွေဟာ မှန်ကန်မှုမရှိကြောင်းနဲ့၊ သမီးဖြစ်သူဟာ ခင်ပွန်းဖြစ်သူရဲ့ ရက်စက်စရာ ကောင်းလှတဲ့ လုပ်ရပ်ကို ကိုယ်တိုင်ထွက်ဆိုသွားခဲ့ကြောင်းလည်း ပြောပါတယ်။
ခင်ပွန်းဖြစ်သူဟာ အရက်မူးပြီး ဓာတ်ဆီနဲ့ပက်ကာ၊ ဆေးလိပ်တိုနဲ့ပစ်၊ နောက်ဆုံး ပလတ်စတစ်အိတ်ကို မီးရှို့ပစ်ပေါက်ပြီး အိမ်တံခါးပိတ်ကာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရက်စက်စွာ မီးရှို့ခဲ့တဲ့ ခင်ပွန်းဖြစ်သူ ကိုနိုင်လင်း (၂၇ နှစ်) ကို မိတ္ထီလာမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်းမှာ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ဖမ်းဆီးထားပြီး၊ ဖခင်ကြီးကတော့ သမီးအတွက် အမှန်တရားရအောင် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။
ဘဝအဆက်ဆက် ဒီလိုအဖြစ်ဆိုးမျိုးတွေကနေ ကင်းဝေးပါစေကြောင်း ဆုတောင်းရင်း၊ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။


Leave a Reply