မြစ်ရေကြီးမှု ဆိုးရွားလာသော ငါးသိုင်းချောင်းတွင် ပြည်သူ ၁ ဦး ရေနစ်သေဆုံး၊ လေးမျက်နှာ၊ ကျုံပျော်၊ ရေကြည်နှင့် ဟင်္သာတအစပ်တို့တွင် ရေမြင့်တက်မှု ဆိုးရွားလာနေပြီး အကူအညီများ လိုအပ်နေ
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် မြစ်ရေကြီးမှု ပိုမိုဆိုးရွားလာနေပြီး ဘုရားလမ်းနှင့် အောင်ဇေယျလမ်းဆုံ၌ ပြည်သူ ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်း ငါးသိုင်းချောင်းမြို့ ကိုတွတ်လမ်းဆုံတွင် ရေစီးနှင့်အတူ လူ ၁ ဦး မျောပါသွားပြီး နစ်မြုပ်သွားခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ လှေများနှင့် ပြည်သူများက ၀ိုင်းဝန်း ကူညီကယ်ဆယ်ခဲ့သော်လည်း ရေနစ်သွားသူမှာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
“ငါးသိုင်းချောင်း၊ ကိုတွတ်လမ်းဆုံမှာ ရေစီးထဲမှာ မျောပါလာတာ။ ၀ိုင်းဝန်းဆယ်ပေမယ့် အသက်မမီဘူး။ ဘယ်သူဘယ်ဝါမှန်းမသိလို့ ရဲခေါ်ပြီး အကြောင်းကြားရတယ်။ ငါးသိုင်းချောင်းက မြို့လုံးနီးပါး ရေလျှံရေကြီးတယ်။ ရေစီးကလည်း တအားသန်တယ်” ဟု ဒေသကယ်ဆယ်ရေးသမားတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ကျုံပျော်၊ ရေကြည်နှင့် ဟင်္သာတမြို့နယ်များအတွင်း ရေမြင့်တက်မှု ဆက်လက်ဆိုးရွားလာနေပြီး ရေဘေးသင့်ကျေးရွာများလည်း ပိုမိုများပြားလာသဖြင့် အစားအသောက်၊ သောက်သုံးရေနှင့် ကယ်ဆယ်ရေးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ငါးသိုင်းချောင်းမြို့နှင့် လေးမျက်နှာသို့ ဆက်သွယ်သည့် တလုတ္ထော်-လေးမျက်နှာ လမ်းပိုင်းတွင် အလှူရှင်များ လာရောက်ကူညီမှု သိသိသာသာ လျော့နည်းလာပြီး လက်ရှိတွင် စုရပ်တစ်ခု၌ အလှူရှင်အဖွဲ့ ၃ ဖွဲ့ခန့်သာ စာရင်းရရှိထားကာ အခြားစုရပ် ၂ ခုတွင်လည်း အရပ်သားအလှူရှင်များ အလွန်နည်းပါးလာကြောင်း သိရသည်။
ယင်းအပြင် လမ်းပန်းဆက်သွယ်ရေးအတွက်အဓိ ကျသော ရွှေကျောင်းကုန်းတံတား၊ ခိုထောင်နှင့် ငှက်သိုက်ကြားရှိ ပြွန်ပေါက်တံတားအနီး ပုသိမ်-မုံရွာ လမ်းပိုင်းများတွင်လည်း ရေမြင့်တက်လာနေသည်။

ထို့အပြင် ရေကြည်-ကျုံပျော် လမ်းပိုင်းရှိ ရေကြည်မြို့ရှောင်လမ်းပေါ်မှ မိတ္ထီလာတံတား ၂ စင်းစလုံးတွင် ရေစတင်ကျော်လာနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အတွင်းမိတ္ထီလာတံတားမှာ ဩဂုတ် ၁၇ ရက်ကတည်းက ချဉ်းကပ်လမ်း နိမ့်ကျခဲ့သဖြင့် လက်ရှိတွင် သဲအိတ်များဖြင့် ကာကွယ်ထားရသည်။
အိုင်သပြုဒေသတွင် ရေဆက်လက်မြင့်တက်နေသဖြင့် အဆိုပါရေများ ယနေ့ညတွင် ထပ်မံဆင်းလာနိုင်ပြီး ရေကြည်-ကျုံပျော်လမ်းပိုင်း ဖြတ်သန်း၍ မရတော့ပါက ငါးသိုင်းချောင်းမြို့ဘက်မှလည်း ဖြတ်သန်းသွားလာရန် ခက်ခဲနေကြောင်း သိရသည်။ ထိုအခြေအနေကြောင့် ခမောက်စုဘက်မှ အိုင်သပြုသို့ ဝင်ရောက်ကူညီနေသည့် အရပ်သားအလှူရှင်ယာဉ်များအတွက်လည်း သွားလာရေး ပိုမိုခက်ခဲလာနိုင်သည်။

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် ရေများ တလဟော ဝင်ရောက်လာနေရာ ရေများ အဆက်မပြတ်ဝင်ရောက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
လေးမျက်နှာ-တလုတ္ထော် လမ်းပိုင်းတွင်လည်း ငါးနုတ်ဆည်ရွာနှင့် သင်္ကန်းတောရွာကြား၌ ကားလမ်းပေါ် ရေစတင်ကျော်သည့်နေရာတစ်ခု ထပ်မံတိုးလာကြောင်း သိရသည်။
ရေဘေးကြုံတွေ့နေရသည့် ရေကြည်၊ ကျုံပျော်နှင့် ဟင်္သာတမြို့နယ်များမှာ နယ်မြေကျယ်ဝန်းသည့်အတွက် လေးမျက်နှာမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကျေးရွာအုပ်စုများမှာ မြို့ပေါ်ဒေသများနှင့် ဝေးကွာပြီး လမ်းပန်းဆက်သွယ်ရေး အားနည်းသည့်အတွက် ကယ်ဆယ်ရေးနှင့် အကူအညီများ အထူးလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိအခြေအနေအရ ရေဘေးအန္တရာယ်ကို နောက်ထပ် ၇ ရက်ခန့် အခက်အခဲများကြား ဖြတ်သန်းရနိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်တွင် တာစကျိုးပြီးနောက် ဩဂုတ် ၂ ရက်မှစ၍ လေးမျက်နှာမြို့ဘက်မှ စီးဆင်းလာသည့် ရေများသည် အိုင်သပြုမှတစ်ဆင့် ခမောက်စုကျေးရွာ၊ ဈေးဟောင်းပိုင်းရပ်ကွက်အတွင်း စတင်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ဈေးဟောင်းပိုင်းရပ်ကွက်ရှိ ပြည်သူများမှာ ရေဘေးကြောင့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် ဂိုဒေါင်များသို့ ပြောင်းရွှေ့နေထိုင်နေရသကဲ့သို့ တာအနီးတွင် ယာယီတဲများဆောက်၍ နေထိုင်နေကြရသည်။

ခမောက်စုတွင် လက်ရှိဖြစ်ပေါ်နေသည့် ရေဘေးအန္တရာယ်ကို ဈေးဟောင်းပိုင်းရပ်ကွက်က အစောဆုံးခံစားနေရသည့် ဒေသတစ်ခုဖြစ်ပြီး အလှူရှင်များအနေဖြင့် အဆိုပါရပ်ကွက်ကိုလည်း မမေ့ဘဲ ဝင်ရောက်ကူညီပေးကြရန် ဒေသခံများက တောင်းဆိုထားသည်။
ဒေသခံတစ်ဦးက အစောပိုင်းတွင် ရှေ့ပိုင်းကျေးရွာများကိုသာ ဦးစားပေးကူညီခဲ့ကြသဖြင့် ဈေးဟောင်းပိုင်းရပ်ကွက်ကို ကျော်သွားခဲ့ကြောင်း၊ ယခုအချိန်တွင် အခြေအနေပေးနိုင်သလောက် ဝင်ရောက်ကူညီပေးကြရန် တောင်းဆိုထားသည်။
ထို့အပြင် ဈေးဟောင်းပိုင်းရပ်ကွက်ကို လှူဒါန်းလိုသူများအနေဖြင့် ကိုယ်တိုင်လာရောက်လှူဒါန်းကြရန်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့်သာ လှူဒါန်းခြင်းမပြုဘဲ ရေဘေးသင့်ပြည်သူများထံ တိုက်ရိုက်ရောက်ရှိစေရန် ဆောင်ရွက်ပေးကြရန်လည်း ဒေသခံများက တောင်းဆိုထားသည်။
ရေစတင်ကြီးချိန်မှစ၍ ခမောက်စုရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဘက်က ဈေးဟောင်းပိုင်းရပ်ကွက်အတွက် အိမ်ထောင်တစ်အိမ်လျှင် ဆန် ၂ ပြည်နှင့် ထမင်းတစ်ဘူး ပေးအပ်ခဲ့ခြင်းသာရှိသေးပြီး နောက်ပိုင်းတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အခြေအနေကို လာရောက်ကြည့်ရှုမှု မရှိတော့ကြောင်း ဒေသခံက ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ ငဝန်မြစ် တာကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်လာသည့် ရေဘေးအခြေအနေမှာ လက်ရှိအချိန်တွင် ပိုမိုဆိုးရွားလာနိုင်သည့် အခြေအနေရှိနေသည်။
အထက်ပိုင်းမှ အင်အားပြင်းစွာ စီးဆင်းလာသည့် မြစ်ရေများ၊ လေးမျက်နှာတာဘောင်ရှိ တာကျိုးပေါက်သည့်နေရာများနှင့် ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်ဒေသများတွင် မြင့်တက်နေသည့် ရေများ ပေါင်းစပ်လာနေခြင်းကြောင့် ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဒေသခံများက သုံးသပ်ထားသည်။
လမ်းများနှင့် တံတားများတွင် ရေကျော်လာနေပြီဖြစ်သဖြင့် အခြေအနေဆက်လက်ဆိုးရွားပါက ဒေသအချင်းချင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နိုင်သည့် အခြေအနေရှိနေသည်။
ယင်းအခြေအနေကြောင့် အလှူရှင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် သွားလာရေး ပိုမိုခက်ခဲလာနိုင်ပြီး ရေဘေးသင့်သော်လည်း အကူအညီမရသေးသည့် ဒေသများတွင် ပြည်သူများ အခက်အခဲပိုမိုကြုံတွေ့လာနိုင်ကြောင်း သိရသည်။

ထို့အပြင် စက်သုံးဆီနှင့် သောက်သုံးရေ ရှားပါးလာနိုင်ပြီး ရေကြီးမှုကြာမြင့်လာသည်နှင့်အမျှ ကူးစက်ရောဂါများ ဖြစ်ပွားနိုင်သဖြင့် ကျန်းမာရေးအခြေအနေကိုလည်း အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ဒေသခံများက သတိပေးထားသည်။
ရေဘေးအခြေအနေကြောင့် သောက်သုံးရေသည် အထူးလိုအပ်ချက်တစ်ခု ဖြစ်လာနေပြီး ရေသန့်တစ်ဗူးကို ဈေးနှုန်းမြင့်မြင့်ပေးရသည့်အခြေအနေများ ဖြစ်လာနိုင်သဖြင့် ရေသန့်လှူဒါန်းမှုများကို ဆက်လက်လုပ်ဆောင်ပေးရန် လိုအပ်နေသည်။
လက်ရှိတွင် ရေဘေးသင့်ဒေသများ၌ အကူအညီလိုအပ်သည့် ကျေးရွာများ ပိုမိုများပြားလာနေသဖြင့် အလှူရှင်များအနေဖြင့် ယခင်ကဲ့သို့ ဆက်လက်လာရောက်ကူညီပေးကြရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲမလာမီ အကူအညီများ အမြန်ဆုံးရောက်ရှိစေရန် ဒေသခံများက မေတ္တာရပ်ခံထားသည်။


Leave a Reply