ကြက်ဥတစ်လုံး ၇၀၀ ဖြစ်အောင်လုပ်ခဲ့တဲ့ မင်းအောင်လှိုင် ရုရှားစီးပွားရေးတက္ကသိုလ်က ပါမောက္ခဘွဲ့ ရသွားပြန်

ပြည်တွင်း၌ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ကာ ကြက်ဥတစ်လုံးလျှင် ကျပ် ၇၀၀ အထိ စံချိန်တင် ဈေးနှုန်းကြီးမြင့်နေချိန်တွင် ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ အပ်နှင်းခြင်းခံရကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် အရွေးတုသမ္မတ မင်းအောင်လှိုင်အား အဆိုပါ Plekhanov Russian University of Economics က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ အပ်နှင်းသည့် အခမ်းအနားကို ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် လက်ခံယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မိဘပြည်သူများ ကြက်ဥတစ်လုံး ကျပ် ၇၀၀ အထိ ပေးဝယ်နေရသည့် ကုန်ဈေးနှုန်း ကပ်ဘေးနှင့် ကြုံတွေ့နေရချိန်တွင် ယခုကဲ့သို့ စီးပွားရေး တက္ကသိုလ်တစ်ခုက ဘွဲ့ပေးအပ်လိုက်မှုအပေါ် ပြည်သူများအကြား ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။


Leave a Reply