စစ်ကိုင်းမြို့ ပေါ် ငါးထပ်ကြီးဘုရားအနီးတွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားနေ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် ငါးထပ်ကြီးဘုရားအနီးဝန်းကျင်တွင် ယနေ့နံနက် အစောပိုင်းမှစတင်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံပြည်သူများနှင့်တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ယနေ့နံနက်အစောပိုင်းက စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားအနီးဝန်းကျင်တွင် စစ်ကိုင်း PDF ဦးဆောင်သည့် မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်းများနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မနက်အစောပိုင်းကတည်းက ပစ်ခတ်သံတွေ ကြားနေရတာပါ။ အခုထက်ထိလည်း ပစ်ခတ်သံတွေ ကြားနေရတုန်းပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ငါးထပ်ကြီးဘုရားအနီးဝန်းကျင်သည် စစ်ကိုင်း-မန္တ လေး ဆက်သွယ်ထားသည့် တံတားနှင့်လည်း အလွန်ဝေးကွာခြင်းမရှိသည့် နေရာဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ စစ်တပ်နှင့်တော်လှန်ရေးတပ်များဘက်မှ နှစ်ဖက်စလုံးတွင် ထိခိုက် ကျဆုံးမှုများ ရှိကြောင်း ပြောဆိုထားသော်လည်း ထိ ခိုက် ကျဆုံးသူ အရေအတွက်နှင့် တိုက်ပွဲ၏ အသေးစိတ်အခြေအနေကို ဆက် လက်စုံစမ်းနေဆဲဖြစ်သည်။
တိုက်ပွဲအခြေအနေကြောင့် ငါးထပ်ကြီးဘုရားအနီးနှင့် အနီးဝန်းကျင်ရှိ ဒေသခံများအနေဖြင့် လုံခြုံရေးအရ သတိထားနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း အသိပေးထားကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကိုင်းမြို့အဝင်ဆိုင်းဘုတ်။



Leave a Reply