အာဏာရှင်နေဝင်းမြေးများက လိုင်စင်မဲ့ယာဉ်များ စီးနင်းခြင်းအပြင် လုံခြုံရေး စိုးရိမ်ချက်ဖြင့် ပုဂ္ဂလိက ကိုယ်ပိုင်လုံခြုံရေး ယာဉ်တန်းများဖြင့် ဖွဲ့စည်း သွားလာနေ
အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများဖြစ်သည့် ကျော်နေဝင်း၊ ဇွဲနေဝင်းနှင့် အေးနေဝင်းတို့သည် ရန်ကုန်မြို့အတွင်း သွားလာရာတွင် လိုင်စင်သက်တမ်းကုန်ဆုံးနေသည့် ဇိမ်ခံကားများ အသုံးပြုနေသည့်အပြင် ကိုယ်ပိုင်လုံခြုံရေးအတွက် ယာဉ်တန်းများ ဖွဲ့စည်းကာ သွားလာနေကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရသည်။
ကျော်နေဝင်း၊ ဇွဲနေဝင်းနှင့် အေးနေဝင်းတို့သည် ၎င်းတို့ပိုင် စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် အပြင်ထွက်ခရီးစဉ်များတွင် ပုဂ္ဂလိက ကိုယ်ပိုင် လုံခြုံရေးယာဉ်တန်းများဖြင့် ခြံရံကာ သွားလာနေကြကြောင်း၊ ယာဉ်တန်းအတွင်း အသုံးပြုသည့်ကားများတွင်လည်း လိုင်စင်မဲ့ယာဉ်များ ပါဝင်နေကြောင်း သိရသည်။

၎င်းတို့၏ စီးပွားရေးကုမ္ပဏီများတွင် စစ်တပ်မှ အငြိမ်းစားယူထားသည့် အရာရှိဟောင်းများ၊ လက်ရှိအစိုးရဝန်ကြီးများနှင့် အရာရှိများ၏ သားသမီးများနှင့် ဆွေမျိုးများကို လစာကောင်းမွန်စွာပေး၍ ခေါ်ယူခန့်ထားပြီး အပြင်သွားလာသည့်အခါ လုံခြုံရေးအတွက် ယာဉ်တန်းများ ဖွဲ့စည်းအသုံးပြုနေကြောင်း သတင်းရင်းမြစ်များက ပြောဆိုသည်။
ကျော်နေဝင်း၊ ဇွဲနေဝင်းနှင့် အေးနေဝင်းတို့သည် Mercedes-Benz၊ Range Rover Sport အပါအဝင် ဥရောပထုတ် ဇိမ်ခံကားများကို လိုင်စင်မဲ့ဖြင့် အသုံးပြုနေကြခြင်းဖြစ်သည်။ ကားနံပါတ်များမှာလည်း ၉ ဂဏန်းနံပါတ်များဖြစ်ပြီး ယင်း ၉ ဂဏန်းသည် အာဏာရှင်ဟောင်း နေဝင်းနှင့် ၎င်း၏မိသားစု အသုံးပြုခဲ့သည့် ယတြာနံပါတ်အဖြစ် လူသိများသည်။
ယင်းကဲ့သို့ လိုင်စင်သက်တမ်းမရှိသည့် သို့မဟုတ် လိုင်စင်မဲ့ယာဉ်များကို အများပြည်သူအသုံးပြုသည့် လမ်းမများပေါ်တွင် ပုံမှန်အသုံးပြုနေသော်လည်း ရန်ကုန်မြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ်ထောက်လှမ်းရေးနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများက အရေးယူဖမ်းဆီးခြင်း မပြုဘဲ ယာဉ်တန်းများ ဖြတ်သန်းသွားလာနိုင်ရန် လမ်းကြောင်းရှင်းပေးခြင်းနှင့် အလေးပြုဆက်ဆံခြင်းများ ပြုလုပ်နေရသည်။

ကျော်နေဝင်းနှင့် ဇွဲနေဝင်းတို့သည် Land Rover–Capital Group ထံမှ Range Rover Sport ဇိမ်ခံကား ၇ စီးကို AYA ဘဏ်၏ ကားဝယ်ယူရေးချေးငွေစနစ်ဖြင့် ဝယ်ယူခဲ့ပြီး အဆိုပါကား ၇ စီးအတွက် အရင်းနှင့်အတိုးပေါင်း ကျပ် ၅ ဘီလီယံကျော်ကို ယနေ့အချိန်အထိ ပြန်လည်ပေးဆပ်ခြင်းမရှိသေးပေ။
ယင်းချေးငွေကိစ္စနှင့်ပတ်သက်၍ AYA ဘဏ်က ကျော်နေဝင်း၊ ဇွဲနေဝင်းနှင့် Omni Focus ကုမ္ပဏီတို့ကို တရားစွဲဆိုခဲ့ရာ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တရားရုံးတွင် Omni Focus ဘက်မှ အမှုရှုံးနိမ့်ခဲ့ပြီး အထက်တရားရုံးများသို့ အယူခံဝင်ခဲ့သော်လည်း အယူခံများ ပယ်ချခံခဲ့ရကြောင်း သိရသည်။
ယင်းအပြင် ရန်ကုန်မြို့၏ အင်းလျားကန်ဘေး Lotte Hotel တွင် အာဏာရှင်နေဝင်းမြေများက ၁ လလျှင် အမေရိကန်ဒေါ်လာ ၈၀၀၀ ဖြင့် အခန်း ငှားရမ်းထားပြီး စီးပွားရေးရုံးခန်းအဖြစ် အသုံးပြုနေကြောင်း သိရှိရသည်။



Leave a Reply