စစ်တပ်ထောက်ခံသည့် YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့် ရုံးခန်းအတွင်း ရိုက်နှက်ခံရ
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်နှင့် အနောက်ဘက်မုခ်ကြားရှိ ဗုဒ္ဓကလျာဏယုဝ (YMBA) အသင်းရုံးခန်းသို့ ဩဂုတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် လက်နက်ကိုင် ဆောင်ထားသူ ၄ ဦးသည် ဗဟိုအတွင်းရေးမှူးကို ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ YMBA ရုံးခန်းအတွင်း ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်၊ ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်၊ ထူးဟန်၊ တင်ဆန်းနှင့် မစန်းတို့ ၅ ဦး ရှိနေစဉ် အမည်မသိ အမျိုးသား ၄ ဦး ရုတ်တရက် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၎င်းတို့အနက် ၂ ဦးက ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်ကို ဖမ်းဆီးချုပ်နှောင်၍ အဝါရောင်တိပ်ဖြင့် စည်းနှောင်ရန် ကြိုးပမ်းနေစဉ် ရုံးခန်းအတွင်းရှိ ထူးဟန်၊ တင်ဆန်းနှင့် မစန်းတို့ ၃ ဦးသည် အပြင်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ကျန်အမျိုးသား ၂ ဦးက ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်ကို သေနတ်ပြကာ ဖမ်းဆီးရန် ကြိုးပမ်းစဉ် ဒေါ်မြတ်စုလှိုင်က ပြန်လည်ခုခံပြီး အော်ဟစ်အကူအညီ တောင်းခံခဲ့သည်။
ထိုသို့ အော်ဟစ်အကူအညီ တောင်းသဖြင့် လူများ ဝိုင်းအုံလာသောအခါ အဆိုပါ အမျိုးသား ၄ ဦးသည် ဦးမောင်မောင်ညွန့်ပိုင်ဆိုင်သော မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ ဦးမောင်မောင်ညွန့်၏ လက်ကိုင်ဖုန်းကို ယူဆောင်ကာ ခြေလျင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်တွင် ညာဘက်မျက်လုံး ဖူးယောင်ပေါက်ပြဲဒဏ်ရာ၊ အပေါ်သွားနှင့် ခါးတို့တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံရဲစခန်းမှ အမှုဖွင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။
ဗုဒ္ဓကလျာဏယုဝ (YMBA) အသင်းသည် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်က ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နေပါသည်ဟု ပြောဆိုရပ်တည်မှုများကြောင့် စစ်အာဏာရှင်ဆန့်ကျင်သူများနှင့် ပြည်သူအများ၏ ဝေဖန်ပြစ်တင်မှုများကို ရင်ဆိုင်နေရသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
စစ်အုပ်စုရဲ့ အမာခံ YMBAအသင်းရုံးထဲကို အမည်မသိသူ ၄ဦးက ဝင်ရောက်ကာ ဗဟိုအတွင်းရေးမှူးကို ကြိုးတုပ်ပြီး ရိုက်နှက်သွား ရုံးတွင်းရှိ ဗဟိုကော်မတီဝင်တွေ ထွက်ပြေး
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်မှာရှိတဲ့ ဗုဒ္ဓဘာသာ ကလျာဏယုဝ (YMBA) ရုံးမှာ ရုံးထိုင်နေတဲ့ အတွင်းရေးမှူးကို ဒီကနေ့ မွန်းလွဲ ၁ နာရီက အမည်မသိလူ ၄ ယောက်က ထိုးကြိတ် ရိုက်နှက်သွားခဲ့တယ်လို့ အသင်းဝင်တွေဆီက သိရပါတယ်။
ဒီကနေ့ မွန်းလွဲ ၁ နာရီက ရွှေတိဂုံဘုရား မြောက်ဘက်မုခ်နဲ့ အနောက်ဘက်မုခ်ကြား ဖွင့်လှစ်ထားတဲ့ ဗုဒ္ဓဘာသာ ကလျာဏယုဝ (YMBA) အသင်းရုံးခန်းဆီ အမည်မသိလူ ၄ ယောက် ဝင်ရောက်လာကာ ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်ကို ရိုက်နှက် ထိုးကြိတ်ခဲ့တာဖြစ်တယ်လို့ အသင်းဝင်တစ်ဦးက ပြောပြတာပါ။
“ရုံးထဲမှာ ဗဟိုကော်မတီဝင်တွေ ရှိတဲ့အချိန် ဖြစ်တာ။ ရုံးထဲမှာ ရှိတာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက်။ ဦးမောင်မောင်ညွန့်ကို ရိုက်နှက် ထိုးကြိတ်နေတဲ့အချိန် အဲဒီ ၃ ယောက်က ထွက်ပြေးသွားတော့ တစ်ယောက်တည်း လှိမ့်ခံရတာ” လို့ ပြောပါတယ်။
အခင်းဖြစ်တဲ့ အချိန်မှာ ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်၊ တိုင်းအတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်၊ ဦးထူးဟန်နဲ့ ဦးတင်ဆန်းတို့ ရှိနေတာဖြစ်ပြီး သူတို့ ၃ ယောက် ထွက်ပြေးသွားတာဖြစ်တယ်လို့ သူက ဆက်ပြောပြတာပါ။
အပြင်ဆီ ထွက်ပြေးသွားသူ ၃ ယောက်က ရပ်ကွက်နဲ့ လမ်းသွားလမ်းလာတွေကို အကူအညီ တောင်းခဲ့တာကြောင့် ဝင်ရောက် ရိုက်နှက်သူ ၄ ယောက်အနက် ၃ ယောက်မှာ လွတ်မြောက်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ Non-CDM ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။
“ရပ်ကွက်ထဲက လူတွေ ရောက်လာလို့ YMBA အတွင်းရေးမှူး ကံကောင်းသွားတာ။ နောက်မဟုတ်ရင် မလွယ်ဘူး။ YMBA ဘက်က ပြောတာ ဗဟိုအတွင်းရေးမှူးကို ကြိုးတုပ် ရိုက်နှက်ပြီး လာဖမ်းတာလို့ သိရတယ်။ ဘယ်အဖွဲ့အစည်းက လုပ်သလဲ မသိဘူး” လို့ ရှင်းပြတာပါ။
ထိုးကြိတ် ရိုက်နှက်ခံရတဲ့ ဒဏ်ရာကြောင့် YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ သူက ဆိုထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒဂုံမြို့နယ် ရဲစခန်းမှာ ဦးမောင်မောင်ညွန့်က ပြစ်မှု ကျူးလွန်သူ ၄ ယောက်ကို အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
စစ်အုပ်စု အာဏာသိမ်းဖို့ ထောက်ခံ ကူညီပေးခဲ့တဲ့ ဗုဒ္ဓဘာသာ ကလျာဏယုဝ (YMBA) အသင်းမှာ အာဏာသိမ်းပြီးနောက် အမည်မသိ အဖွဲ့အစည်းတွေရဲ့ ပစ်ခတ်မှုကြောင့် ၇ ဦးအထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။



Leave a Reply