ညောင်ဦးတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး ပစ်ခတ်ခံရပြီး သေဆုံး
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူး ၁ ဦး နှင့် ပျူစောထီး ၁ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။
မတ်လ ၄ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်က ညောင်ဦးမြို့နယ်၊ သူကောင်းတည်ကျေးရွာနေ အသက် ၅၇ နှစ်အရွယ် အောက်ညဉ့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းဝေကို အမည်မသိအဖွဲ့အစည်း တစ်ခုက ဆိုင်ကယ် ၃ စီးဖြင့် နေအိမ်အတွင်းဝင်ရောက်ပြီး သေနတ်အတို၊ အရှည်များဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
“ဘယ်အဖွဲ့အစည်းတွေက ဝင်ပစ်သွားတာလည်းတော့ မသိဘူး။ ၂ ဦးပစ်ခတ်ခံရပြီးသေဆုံးသွားတာ။ အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ပျူအဖွဲ့ဝင် ၁ ဦးပါ။” ဟု ဒေသခံသတင်းရင်းမြစ်က ပြောကြားသည်။
အလားတူ မတ်လ ၄ ရက် နံနက် ၁၀ နာရီခန့်ကလည်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်တိုက်နယ်၊ ဆည်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင်၊ ပျူစောထီးအဖွဲ့ဝင် အသက် ၅၉ နှစ်အရွယ် စိုးလွင်ကို အမည် မသိအဖွဲ့အစည်းတစ်ခုက နေအိမ်အတွင်းဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။


Leave a Reply