ယခုအပတ် ဖေ့စ်ဘွတ်တွင် သတင်းကြီးနေသည့်အရာများကား လေးငါးမျိုးခန့်ရှိမည်ထင်၏။
ကြိုးကြာ တောင်ပံဆရာကြီးအကြောင်းသတင်းကား အနည်းငယ် မှေးမှိန်သွားလေပြီ။
ထိုသတင်းအစား ရွံရှာထိတ်လန့်စက်ဆုတ်ဖွယ် လူသတ်သတင်း တစ်ခု က ဖုံးလွှမ်းသွား၏။
လက်နက်မဲ့အရပ်သား အမျိုးသမီးကြီးတစ်ယောက်ကို လက်နက်ကိုင် ယောက်ျားများက ရက်ရက်စက်စက် ဓားဖြင့်ခုတ်သတ်ကြခြင်း။
ထိုဖြစ်ရပ်ကိုဖုံးကြဖိကြ ဖို့ကြိုးစားအားထုတ်သည့်အနေဖြင့် မိမိတို့အဖွဲ့ က ထို လူသတ်မှုကိုမကျူးလွန်ပါဟု လက်နက်ကိုင်အဖွဲ့များက အသီးသီးငြင်းဆိုကြခြင်း၊ စစ်တပ်လော်ဘီများက PDF လက်ချက်ဟု နာမည်ဖျက်ကြခြင်း။
စကားမစပ်ပြောရလျှင် ဝင်းနိမိတ္တာရုံ ဆရာတော်ကြီး သေနတ်ပစ်ခံရပြီးပျံတော်မူစဥ်ကလည်း မြန်မာ့အသံနှင့်မြဝတီရုပ်သံမှ PDF လက်ချက်ဟု ချက်ချင်း ဝါဒဖြန့် အပုတ်ချခဲ့ဖူးသည်။
နောက်တော့ ကိုယ်တိုင်ကြုံရသောဆရာတော်တစ်ပါး၏ ထွက်ဆိုချက်ကြောင့်စစ်တပ်လက်ချက်ဆိုတာ ဘူး ပေါ်သလိုပေါ်လာသည်။
ယခုလည်း ဘယ်သူကဘယ်လောက်ငြင်းနေသည်ဖြစ်စေ အမှန်တရားဆိုတာ တော့ ပေါ်လာတတ်စမြဲ ဖြစ်သည်။
ကျွန်တော်တို့ငယ်စဥ်ကကြိုက်နှစ်သက်ခဲ့သော လမ်းဆက်လျှောက်မယ် ဆရာကြီး၏ စင်တင်တေးဂီတပွဲ ကလည်းလူပြောများ၏။
လူတွေဒုက္ခ သုက္ခရောက်နေချိန် ပျော်ကြပါးကြ ဆိုကြ ပျော်ကြ ရပါ့မလားဟု မျက်စောင်း ခဲသူကခဲ၏။
အဆိုတော် ရုပ်ရှင်မင်းသမီးနှင့် “မှားလား” သီချင်းကိုစုံတွဲသီဆိုရာမှ ပါဖောမန့်စ် တွေအလုပ်လွန်ကာ ပရိသတ် အချို့မျက်စေ့နောက်ကြတာကိုလည်း တွေ့ရ၏။

ပရိသတ် သပိတ်မှောက်ထားသောအဆိုတော် တစ်ယောက် ဟိုလိုလိုသည်လိုလိုနှင့် ပလေးဘွိုင် အရုပ်ကိုအကာအကွယ်ယူကာ ပြန်ပေါ်လာသည်ကိုလည်း တွေ့ရ၏။
နောက်သတင်းတစ်ပုဒ်ကား မအလ ရုရှားနိုင်ငံသို့ သွားရောက်သည်သတင်းဖြစ်၏။
သူသာမကမြန်မာနိုင်ငံမှ ခရိုနီ ခရိုစိမ်း ခရိုနက် တို့စုံလင်စွာ လိုက်ပါ သွားသော ပွဲ ဖြစ်သည်။
ထားမကောင်း ရောင်းမစွံသော ပြင်ဦးလွင် မြို့သစ်စီမံကိန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း စသော စီမံကိန်းများကို ရုရှားသို့ အောက်စျေးဖြင့်ထိုး ရောင်းသည့်ပွဲ ဖြစ်သည်။
ပူတင်နှင့် မအလ ကမ္ဘာ့အပယ်ခံလူသား နှစ်ဦး ရေနစ်နေသူချင်း အသက်ကယ်အင်္ကျီ ရောင်း ဖို့ကြိုးစားကြခြင်း ဖြစ်သည်။
ဘယ်သူက ဘယ်သူ့ကို နှပ်ချနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမည်။
စိတ်မချမ်းသာစရာသတင်းများအလွန်မှာတော့ အမျိုးသားများ မျက်စေ့ကြည်လင်စေသော မြန်မာသတင်းတစ်ပုဒ်ကိုတွေ့ရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆရာဝန်မလေး ခင် က ကျန်းမာရေးအသိပညာပေးရင်း တင်ပြသွားခြင်း
(သို့တည်းမဟုတ်)

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ဆရာဝန်မလေးက တင်ပြရင်း ကျန်းမာရေး အသိပညာပေးသွားခြင်း။
သတင်းခေါင်းစဥ်နှစ်ခုလုံးတွင် တင် ပါ၏။ ကျန်းမာရေး ပါ၏။
မိမိအတွက်အရေးကြီးမည်ထင်သောအရာကို အဓိကထား လေ့လာကြပါကုန်။
ကျွန်ုပ်အတွက်မူကား……. (ဤစာကိုရေးနေစဥ် ခေါင်ခေါင်ကြီး round လှည့်လာသဖြင့် ကပျာကရာ နိဂုံးချုပ်လိုက်ရပေ၏)
သဗ္ဗေသတ္တာ ဂန္ဓမာ
သရဝဏ် (ပြည်)



Leave a Reply