ဘားအံတွင် KNLA-PC နှင့် BGF ကားများကို လိုင်စင်မဲ့ယာဉ်အဖြစ် စစ်တပ်က သိမ်းဆည်းမှု တင်းမာမှုများဖြစ်နေ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင် စီ (KNLA-PC) နှင့် နယ်ခြားစောင့်တပ် (BGF) တို့နှင့် ဆက်စပ်သည့် ယာဉ်များကို လိုင်စင်မဲ့ယာဉ်များအဖြစ် သတ်မှတ်ကာ စစ်တပ်က ဖမ်းဆီးသိမ်းဆည်းမှုများ ပြုလုပ်နေသဖြင့် ဒေသတွင်း တင်း မာမှုများ ဖြစ်ပေါ်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ဩဂုတ်လ ၁၈ ရက်နေ့ ဘားအံမြို့သို့ မိသားစုဝင်များ ဆေးခန်းပြရန် လာရောက်ခဲ့သည့် KNLA-PC မှ ဗျူဟာမှူး အဆင့်ရှိသူတစ်ဦး၏ ထိုင်းဘတ် ၇ သိန်းကျော်တန်ဖိုးရှိ FORD RANGER ကားကို ယာဉ်ထိန်းရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန် အထိ ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း သိရသည်။
ထို့အပြင် KNLA-PC နှင့် ဆက်စပ်သည့် အေဂျင်စီလုပ်ငန်းရှင်တစ်ဦးထံမှလည်း ကားတစ်စီး၊ လက် နက်တစ်လက်နှင့် အခြားပစ္စည်းများကို စစ်ကောင်စီဘက်က သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ယခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ယာဉ်များတွင် အဖွဲ့အစည်းဆိုင်ရာ အထောက် အထားကတ်များကို ကားရှေ့မှန်တွင် ပြသထားပါက သွားလာခွင့်ပြုခဲ့သော် လည်း လက်ရှိတွင် ယင်းကဲ့သို့ အဖွဲ့အစည်းအမှတ်အသားများ ပြသထားခြင်းကို ခွင့်မပြုတော့ဘဲ ကားအမျိုးအစားနှင့် တန်ဖိုးအပေါ်မူတည်၍ ဖမ်းဆီးသိမ်းဆည်းသည့် အခြေ အနေများ ဖြစ်ပေါ်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။
“ဘားအံမှာတော့ အဖွဲ့အစည်းက အရာရှိကြီးတွေ ဝယ်စီးတဲ့ FORD RANGER လို ကားအကောင်းစားတွေကို လက်နက်ကိုင်တပ်ဖွဲ့ဝင် မပါဘဲ မိသားစုကိစ္စနဲ့ ဘားအံလာရင် ယာဉ်ထိန်းရဲက သိမ်းဆည်းပြီး ရဲမင်းကြီးရုံးကို တိုက်ရိုက်ပို့တာတွေ ရှိတယ်။
ကားကို ဘယ်နေရာ မှာ ထားထားတယ်ဆိုတာနဲ့ ဘယ်သူက တာဝန်ခံသိမ်းဆည်းထားတယ်ဆိုတာ တိတိ ကျကျ မပြောဘဲ ရဲတပ်ဖွဲ့နဲ့ ယာဉ် ထိန်းရဲကြား တာဝန်လွှဲနေကြတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ဖမ်းဆီးသိမ်းဆည်းမှုများအတွင်း KNU တပ်မဟာ ၁ နှင့် တပ်မဟာ ၇ တို့နှင့် ဆက် စပ်သည့် စီးပွားရေးပစ္စည်းများလည်း ပါဝင်နေကြောင်း သိရပြီး စစ်ကောင်စီဘက်က ယခု ကဲ့သို့ တရား လက် လွတ် ဖမ်းဆီးသိမ်းဆည်းမှုများ ဆက်လက်ပြုလုပ်နေပါက ဘားအံနှင့် ကရင်ပြည်နယ်တစ်ဝန်းတွင် စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
တစ်ဖက်တွင်လည်း မွန်နှင့် ကရင်ပြည်နယ်အတွင်းရှိ လမ်းကြောင်းများ၌ စစ်တပ်က ဖမ်း ဆီးထားသည့် ကျပ်သန်းပေါင်းများစွာတန်ဖိုးရှိ ကုန်ကားများနှင့် လူသုံးကုန်ပစ္စည်းများကို အရှေ့ တောင်တိုင်းစစ်ဌာနချုပ် (ရတခ) နှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ခွဲဝေယူပြီး ပြန်လည်ရောင်း ချနေကြောင်း ဒေသခံများနှင့် ကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်များမှတစ်ဆင့် ပို့ဆောင်လာသည့် ၁၀ ဘီးနှင့် ၁၂ ဘီး ကုန်တင်ယာဉ်များကို ဖမ်းဆီးပြီး မော်လမြိုင်မြို့ရှိ ရတခ တိုင်းရုံးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်ကားများပေါ်တွင် ပါရှိသည့် တီဗီ၊ အဲကွန်း၊ ရေခဲသေတ္တာ၊ ဖုန်းနှင့် အခြားလူသုံးကုန် ပစ္စည်း များ၊ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၄ သောင်းမှ ၅ သောင်းခန့်ရှိသည့် ပစ္စည်းများကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ဘားအံနှင့် မော်လမြိုင်မြို့များရှိ ဆိုင်များသို့ လျှော့ဈေးဖြင့် ပြန် လည်ရောင်းချနေကြောင်း သိရသည်။
ထို့အပြင် သိမ်းဆည်းရရှိသည့် ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့ (စရဖ) နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေ/အုပ်) တို့အကြား ခွဲဝေယူမှုများရှိနေကြောင်းလည်း ဒေသသတင်းရင်းမြစ်များက ပြောသည်။
“အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းရုံးကို အပ်ထားတဲ့ ကုန်ကားတွေမှာပါတဲ့ တီဗီအကောင်းစားတွေ၊ အဲကွန်း၊ ရေခဲသေတ္တာနဲ့ လူသုံးကုန်ပစ္စည်းတွေကို ပစ္စည်းဖမ်းဆီးထိန်းသိမ်းရေးအဖွဲ့က ပိုင်ရှင်တွေဆီ ပြန်မပေးဘဲ ကုန်တိုက်တွေမှာ လိုက်ရောင်းတာတွေ ရှိတယ်။
ဇွန်နဲ့ ဇူလိုင်လတွေမှာ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုဘက်ကို ကုန်ပို့ရင်း သိမ်းဆည်းခံရတဲ့ ပစ္စည်းတွေဖြစ်တယ်လို့ ကုန်သည်တွေက ပြောတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကုန်သည်များအနေဖြင့် သိမ်းဆည်းခံရသည့် ပစ္စည်းများ ပြန်လည်ရရှိရေးအတွက် ငွေ ကြေးနှင့် အချိန် ကုန်ခံ၍ လိုက်လံဆောင်ရွက်နေကြသော်လည်း တရားဝင်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ ပစ္စည်းများကို ပြန်လည်ရောင်းချနေကြခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ကားတစ်စီးကို မြင်တွေ့ရစဉ်။



Leave a Reply