RCSS နဲ့ စစ်တပ် မိုင်းပျဉ်းမှာတိုက်ပွဲစဖြစ်
စစ်သား ၆ ဦးသေဆုံး
ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်နဲ့ စစ်ကောင်စီအကြား ဩဂုတ် ၂၂ ရက် နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSS က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး သန်းနိုင်စိုး ဦးစီးတဲ့ ခမရ(၃၁၄) နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်က တောနင်းလာလို့ RCSSနဲ့ တိုးပြီး တိုက်ပွဲ ဖြစ်တာလို့ RCSS ရဲ့ ရှမ်းဘာသာ သတင်းထုတ်ပြန်ချက်ကို ရှမ်းသတင်းရင်းမြစ်တဦးက ဘာသာပြန်ရှင်းပြပေးပါတယ်။
တိုက်ပွဲ ဟာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ်ဘက်က ၆ ယောက် သေဆုံးကာ ဒဏ်ရာရသူတွေရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ပြန်ဆုတ်သွားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
အဲဒီတိုက်ပွဲမှာ နှစ်ဖက်ကျဆုံးမှုရှိတယ်လို့ ရေးသားချက်တွေရှိကြောင်းလည်း သတင်းရင်းမြစ်က ပြောပြပါတယ်။

“စကစတပ်တွေကျားဖြန့် နှိမ်နင်းရေး အကြောင်းပြပြီးခြေသွက်နေတယ်။ ရလခ(ခိုလမ်) ဒုတိုင်းမှူးကခပ်ထန်ထန်လို့ ကြားသိရတော့ သူ့တပ်တွေကို ဆက်ပြီးလှုပ်ရှားခိုင်းဖို့ များတယ်” လို့ လေ့လာသူ တဦးက စစ်ကောင်စီနဲ့ RCSS တိုက်ပွဲ စတင်ဖြစ်ပွားမှု အခြေအနေပေါ် ပြောပြပါတယ်။
ဒုတိုင်းမှူးဟာ ရောက်စဖြစ်လို့ ခွင်(ဂွင်)ရှာတဲ့ သဘောလို့လည်း ယူဆနိုင်ကြောင်း ပြောပါတယ်။
ဒါပေမဲ့ တိုက်ပွဲကြီးကြီးမားမား ဖြစ်လာမယ်လို့ မမြင်ဘဲ နာမည်ရရုံ လှုပ်ရှားထိတွေ့တာလောက်သာ ဆက်ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။
“ကျားဖြန့်ကိစ္စတွေလည်းပါတယ်။ နှစ်ဖွဲ့စလုံးက ကျားဖြန့်နဲ့မကင်းဘူး။ အခုက စစ်တပ်ဘက်ကအရင်ဝင်ဖမ်းတာကနေ ဖြစ်တာ”လို့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

RCSSဟာ စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းတဲ့ အထိ စစ်တပ်နဲ့ RCSS အကြား ပြဿနာဖြစ်ပွားမှု နည်းပါးပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်ဖက်မှာ ခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာကာ ဆုတ်ခွာသွားပေမယ့် စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့ Tai Freedom ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်ဩဂုတ်လမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်မှာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး သေဆုံးခဲ့ပါတယ်။

ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီဝါဒဖြန့်ချီရေး လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်အတွင်း မိုးကောင်းနဲ့ မိုးညှင်းမြို့နယ်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
(RCSS/SSA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-Tai Freedom)



Leave a Reply