မိတ္ထီလာလေတပ်တွင် အမောင်းသင် K-8 တိုက်လေယာဉ် ပျက်ကျပြီး ၁ ဦးသေဆုံးကာ နည်းပြဗိုလ်မှူး ၁ ဦး ဒဏ်ရာပြင်းထန်
ယခုဩဂုတ်လအတွင်း စစ်တပ်လေယာဉ် ၂ စီး ပျက်ကျခဲ့
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ရှမ်းတဲလေတပ်စခန်းမှ အမောင်းသင် K-8 တိုက် လေယာဉ်တစ်စီး ယမန်နေ့ ညနေပိုင်းတွင် ပျက်ကျခဲ့ရာ အမောင်းသင်လေတပ်ဗိုလ် ၁ ဦး သေဆုံးပြီး နည်းပြဗိုလ်မှူး ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ဩဂုတ် ၂၁ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်အချိန် မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းမှ K-8 အမောင်းသင် တိုက်လေယာဉ်တစ်စီး ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ကျောင်းရွာအနီးရှိ လေတပ်စခန်း ခြံစည်းရိုးအနီးတွင် ပျက်ကျခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမောင်းသင်လေသူရဲ ၁ ဦး သေဆုံးခဲ့ပြီး နည်းပြဗိုလ်မှူးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် စစ်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
“ဩဂုတ် ၂၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ ရှမ်းတဲလေတပ်က K-8 တစ်စီး ပျက်ကျတာပါ။
ကျောင်းရွာအနီး လေတပ်စည်းရိုးမှာ ပျက်ကျတာဖြစ်ပြီး အမောင်းသင်တစ်ဦး သေဆုံးပါတယ်။
နည်းပြကတော့ ဗိုလ်မှူးဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရထားလို့ စစ်ဆေးရုံမှာ ကုသနေပါတယ်။
လေ့ကျင့်ပျံသန်းပြီး ပြန်အဆင်းမှာဖြစ်တာပါ” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

လေယာဉ်ပျက်ကျမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို လက်ရှိအချိန်တွင် စစ်ဆေးနေဆဲဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ညောင် နှစ်ပင်ကျေးရွာအနီးတွင် စစ်တပ်၏တိုက်ခိုက်ရေးလေယာဉ်တစ်စင်းသည် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ငှက်နှင့်တိုက်မိကာ စက်ချို့ယွင်းပြီး မြေပြင်သို့ ပျက်ကျခဲ့သည်။
ထို့ကြောင့် ယခု ဩဂုတ်လအတွင်း စစ်တပ်၏ တိုက်လေယာဉ် ၂ စီး လေ့ကျင့်ပျံသန်းရင်း ပျက်ကျခဲ့ပြီးဖြစ်သည်။



Leave a Reply