ရေကြည်တွင် စစ်တပ်က မိမိစစ်ကြောင်းအပေါ် ဗုံးမှားကြဲမိ၍ စစ်သား ၅၀ ကျော် သေဆုံး
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်း အာဏာလု စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်နေချိန်၌ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်စဉ် မိမိစစ်ကြောင်းအပေါ် မှားယွင်း ကျရောက်ခဲ့သဖြင့် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ဒုတိယပတ်အတွင်းက ရေကြည်မြို့နယ်၊ ကမ္ဘားကြီးကျေးရွာမှ ခြေလျင် ၅ မိုင်ခန့်အကွာ သုံးတန်ကူးနှင့် ချက်ပွိုင့်ကြား၌ အင်အား ၅၀ ကျော်ပါ အဆိုပါ စစ်တပ် စစ်ကြောင်းကို လေကြောင်းမှ မှားယွင်း ဗုံးကြဲမိခဲ့ခြင်းဖြစ်ပြီး စစ်သား ၅၀ ခန့် ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ ၁၀ ရက်ဝန်းကျင်က ဖြစ်သွားတာပါ။ ကင်းထောက်လေယာဉ် မဝဲဘဲ တိုက်လေယာဉ် တိုက်ရိုက်လာကြဲတာမှာ အောက်က စစ်သားတွေကလည်း သူတို့လေယာဉ်ပဲဆိုပြီး ပေါ်ပေါ်တင်တင် သွားကြရာက ကြဲချခံလိုက်ရတာ ဖြစ်ပါတယ်။
ချောက်ထဲ ခုန်ချလို့ ဒဏ်ရာဗရပွနဲ့ လွတ်လာတဲ့ ၅ ယောက်ထဲက ၁ ယောက်ကို AA က အရှင်ဖမ်းမိပြီး ကျန်တဲ့ လေးယောက်ကတော့ ထပ်မံ သေဆုံးသွားပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ အရှင်ဖမ်းဆီးရမိခဲ့သည့် စစ်တပ် တပ်ဖွဲ့ဝင်တစ်ဦးကို AA က ပြန်လွှတ်ပေးခဲ့သော်လည်း ပုသိမ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အာဏာလု စစ်တပ်သည် ငဝန်မြစ် အနောက်ဘက်ကမ်းရှိ ဝါးတောကွင်း၊ ရွာသစ်နှင့် ကမ္ဘားကြီးကျေးရွာများကို ကင်းထောက်လေယာဉ်များဖြင့် ထောက်လှမ်းကာ
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်နေပြီး ဝါးတောကွင်းကျေးရွာအတွင်း၌ ရွှံ့နွံများပေါ် ကျရောက်ကာ မပေါက်ကွဲသေးသည့် ဗုံးသီးများလည်း ရှိနေသည်။

ထို့အပြင် ရေကြည်မြို့နယ်ဘက်မှတစ်ဆင့် စက်ဒေါင့်ကြီးသို့ စစ်တပ်၏ စစ်ဒဏ်ရာရ လူနာများ ဆက်တိုက် ပြန်လည်သယ်ဆောင်နေပြီး အင်အားဖြည့်တင်းမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
အာဏာလု စစ်တပ်သည် ရခိုင်ပြည်နယ် သံတွဲနှင့် ဂွမြို့နယ်များသို့ ဦးတည်သည့် စစ်ကြောင်းများ ရှေ့တိုးနိုင်ရန် လေကြောင်း ပစ်ကူကို အလွန်အကျွံ အသုံးပြုနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်ကလည်း သံတွဲနှင့် ဂွမြို့နယ်တို့တွင် လေယာဉ် ၁၀ စင်းအထိ စံချိန်တင် အသုံးပြုကာ ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)



Leave a Reply