စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မရမ်းအင်းရွာက အသက်ငယ်ငယ် အမျိုးသမီးတစ်ဦး ချစ်သူနဲ့တွေ့ဆုံဖို့ဆိုပြီး အပြင်ထွက်သွားရာကနေ အိမ်ပြန်မရောက်တော့ဘဲ နောက်ပိုင်းမှာ အသက်ဆုံးရှုံးထားတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဥ်မှာ နန်းနေခြည်ဝင်းဟာ ဇူလိုင် ၂၂ ရက်နေ့မှာ နေအိမ်ကနေ အပြင်ထွက်သွားခဲ့တာဖြစ်ပြီး အဲ့ဒီနောက် အိမ်ကို ပြန်မရောက်လာတော့ဘဲ ပျောက်ဆုံးနေခဲ့တာပါ။
သမီးဖြစ်သူ အိမ်ပြန်မရောက်လာတာကြောင့် မိခင်ဖြစ်သူက ပျောက်ဆုံးနေကြောင်း အကူအညီတောင်းခံခဲ့ပြီး ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ နန်းနေခြည်ဝင်းရဲ့ ရုပ်အလောင်းကို ရွာအနီးတစ်နေရာမှာ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိသားစုဘက်က သံသယရှိသူ ၂ ဦးကို ထိန်းသိမ်းကာ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ကနဦးသိရှိရတဲ့ အချက်အလက်တွေအရ နန်းနေခြည်ဝင်းဟာ ချစ်သူနဲ့တွေ့ဆုံဖို့ သွားရောက်ခဲ့ပြီးနောက် အခုလို အသက်ဆုံးရှုံးခဲ့ရတာလို့ သိရပေမယ့် ဖြစ်စဉ်အတိအကျ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

နောက်ထပ် သိရတဲ့အချက်တစ်ခုကတော့ နန်းနေခြည်ဝင်းဟာ မကွယ်လွန်ခင် ရက်ပိုင်းအလိုမှာ မလေးရှားနိုင်ငံကို သွားရောက်ပြီး အလုပ်လုပ်ဖို့ စီစဉ်ထားခဲ့သူတစ်ဦးလည်း ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အနာဂတ်အတွက် ရည်မှန်းချက်တွေနဲ့ ပြင်ဆင်နေခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးဟာ အခုလို အသက်ဆုံးရှုံးသွားခဲ့ရတာကြောင့် မိသားစုနဲ့ နီးစပ်သူတွေကြားမှာ အလွန်ဝမ်းနည်းစရာ ဖြစ်ခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်မှာလည်း နန်းနေခြည်ဝင်းအတွက် ဝမ်းနည်းကြောင်းနဲ့ ဆုတောင်းစကားတွေကို ပြန်လည်မျှဝေနေကြပါတယ်။


Leave a Reply