မြန်မာအာကာသယာဉ်မှူးကို အာကာသယာဉ်နဲ့ စေလွှတ်ပြီး အာကာသကနေ ကမ္ဘာမြေအနီး ကျရောက်နိုင်တဲ့ အာကာသအန္တရာယ်တွေကို စောင့်ကြည့်ကာကွယ်ဖို့ Station တည်ဆောက်ရေး မင်းအောင်လှိုင်က ဆွေးနွေးခဲ့တယ်လို့ ဆို
မြန်မာအာကာသယာဉ်မှူးကို အာကာသယာဉ်ဖြင့် အာကာသထဲသို့ စေလွှတ်ပြီး အာကာသကနေ ကမ္ဘာမြေအနီး ကျရောက်နိုင်သည့် အာကာသအန္တရာယ်များကို စောင့်ကြည့်ကာ ကွယ် ရေး Station တည်ဆောက်ရန် မင်းအောင်လှိုင်က ရုရှားခရီးစဉ်အတွင်းဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ခိုင်ခိုင်စိုးက ပြောဆိုသည်။
ယမန်နေ့ ရုရှားမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသော မင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်လိုက်ပါခဲ့သော ခိုင်ခိုင်စိုးက ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
ရုရှားခရီးစဉ်အတွင်း အာကာသယာဉ်မှူး စေလွှတ်ရေးအပါအဝင် ဂြိုဟ်တုနည်းပညာနှင့် အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို မင်းအောင်လှိုင်က ဆွေးနွေးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက ပြောဆိုသည်။
အဆိုပါ ဆွေးနွေးမှုများအနက် အဓိကအချက် ၄ ခု ပါဝင်ပြီး ၂၀၂၈ ခုနှစ်တွင် မြန်မာနိုင်ငံသား အာကာသယာဉ်မှူးတစ်ဦးကို အာကာသယာဉ်ဖြင့် အာကာသအတွင်းသို့ စေလွှတ်နိုင်ရေး၊ ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေး Station တည်ဆောက်ရေး၊ GNSS Station တည်ဆောက်ရေးနှင့် ကမ္ဘာမြေအနီးသို့ ကျရောက်လာနိုင်သည့် အာကာသအန္တရာယ်ရှိ အရာဝတ္ထုများကို အာကာသမှ စောင့်ကြည့်ကာကွယ်နိုင်ရေးအတွက် Station တည် ဆောက်ရေးတို့ ဖြစ်ကြောင်း သိရသည်။
ခိုင်ခိုင်စိုးက “အာကာသ ဂြိုဟ်တုနည်းပညာနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့တာတွေ အများကြီးပါ။ အဓိကတော့ ၄ ခုပါ။ ၂၀၂၈ ခုနှစ်မှာ ကျွန်မတို့ မြန်မာနိုင်ငံက အာကာ သယာဉ်မှူးကို အာကာသယာဉ်နဲ့ စေလွှတ်နိုင်ရေး၊ ဒါက အဓိက အရေးအကြီးဆုံးအချက်ပါ။” ဟု ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေး Station တစ်ခု တည် ဆောက်ရန်နှင့် GNSS Station တည်ဆောက်ရန်လည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
GNSS သည် ကမ္ဘာမြေပေါ်ရှိ တည်နေရာနှင့် သွားလာမှုများကို ဂြိုဟ်တုစနစ်များမှတစ်ဆင့် တိကျစွာ သိရှိနိုင်ရန် အသုံးပြုသည့် နည်းပညာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် မြေပြင်တည်နေရာတိုင်းတာမှုများတွင် အသုံးပြုနိုင်သည်။
အလားတူ ကမ္ဘာမြေအနီးသို့ ကျရောက်လာနိုင်သည့် အာကာသအန္တရာယ်ရှိ အရာဝတ္ထုများကို အာကာသမှ စောင့်ကြည့်ပြီး ကြိုတင်ကာကွယ်နိုင်ရန် Station တည်ဆောက်ရေးကိုလည်း ဆွေးနွေးခဲ့ပြီး အဆိုပါကိစ္စရပ် ၄ ခုနှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ခိုင်ခိုင်စိုးက ပြောဆိုသည်။
“အာကာသကနေ ကမ္ဘာမြေအနီးမှာ အာကာသအန္တရာယ် ကျရောက်နိုင်တဲ့အရာတွေကို စောင့်ကြည့်ပြီး ကာကွယ်ဖို့အတွက် Station တည်ဆောက်ဖို့၊ အဲဒီ ၄ ခုကို ကျွန်မတို့ MoU ရေးထိုးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
မင်းအောင်လှိုင်၏ အဆိုပါ ရုရှားခရီးစဉ်အတွင်း အာကာသနှင့် ဂြိုဟ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထား ဆွေးနွေးခဲ့ခြင်းအပေါ် ပြည်တွင်း၌ ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။
အထူးသဖြင့် မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး စီးပွားရေးအကျပ်အတည်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ အခက်အခဲများ ဆိုးရွားနေချိန်တွင် အာကာသယာဉ်မှူး စေလွှတ်ရေးနှင့် အာကာသ Station တည် ဆောက်ရေးကဲ့သို့သော စီမံကိန်းများကို ဦးစားပေး ဆွေးနွေးနေခြင်းသည် လက်တွေ့ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များနှင့် ကွာဟနေကြောင်း ဝေဖန်သူများက ပြောဆိုကြသည်။
အာကာသယာဉ်မှူး စေလွှတ်ရေးအပါအဝင် အဆိုပါ အာကာသစီမံကိန်းများကို အကောင် အထည်ဖော်နိုင်ရန် လိုအပ်မည့် ကုန်ကျစရိတ်၊ နည်းပညာပိုင်းဆိုင်ရာ အခြေအနေများနှင့် စီမံကိန်းများ၏ အသေးစိတ်အချက်အလက်များကိုမူ ခိုင်ခိုင်စိုးက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ဓာတ်ပုံ- AI Creation ။



Leave a Reply