ဒေါ်အောင်ဆန်းစုကြည်ကို ချောက်ချခဲ့သော မောင်ဝိတ်က မင်းအောင်လှိုင်နှင့်ပေါင်း၍ အမရပူရမြို့ပြစီမံကိန်းအတွက် ပြည်သူပိုင်မြေဧက ၅၀၀ နီးပါးကို အင်အားသုံး အဓမ္မ ခြံခတ်သိမ်း ယူနေ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့သည်ဟု တရားရုံးတွင် ထွက်ဆို ချောက်ချခဲ့သော မောင်ဝိတ်က မင်းအောင်လှိုင်နှင့်ပေါင်း၍ အမရပူရမြို့ပြစီမံကိန်းအတွက် ပြည်သူပိုင်မြေဧက ၄၈၀ ကျော်ကို အင်အားသုံး အဓမ္မ ခြံခတ်သိမ်းယူနေကြောင်း မြေသိမ်းခံတောင်သူများက ပြောဆိုသည်။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတွက် တောင်သူများ ပုံစံ(၇)ဖြင့် လက်ဝယ်ပိုင်ဆိုင်ထားသည့် ကိုင်းမြေဧက ၄၈၀ ကျော်ကို စီမံကိန်းဖော်ဆောင်နေသူ မောင်ဝိတ်က စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်များ ပူးပေါင်းကာ မြေယာပိုင်ရှင်များထံမှ ဝယ်ယူခြင်းမရှိဘဲ အင်အားသုံး ခြံခတ်သိမ်းယူနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါမြေများမှာ အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၀၇ အပါ အဝင် ကမ်းနားလမ်းနှင့် မြို့ပတ်လမ်းအရှေ့ဘက်ရှိ တောင်သူများပိုင် ပုံစံ(၇) ကိုင်းမြေများဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၁၅ ရက်မှ စတင်ကာ ယနေ့အထိ အဆိုပါနေရာများတွင် ပြည်သူ့စစ်များ၊ စည်ပင်၊ စစ်တပ်နှင့်ပူးပေါင်းကာ လူအင်အားအများအပြား အသုံးပြု၍ ကွန်ကရစ်တိုင်များ စိုက်ထူခြင်း၊ သွပ်ပြားများဖြင့် ခြံစည်းရိုးကာရံခြင်းများကို နေ့စဉ်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ မောင်ဝိတ်၏ ညွှန်ကြားချက်အရ ဆိုကာ အမရပူရမြို့နယ်၊ ရွှေတချောင်းအနောက်ဘက်ခြမ်းတွင် သွပ်ပြားများဖြင့် ခြံကာရံနေပြီး အရှေ့ဘက်ခြမ်းများတွင်လည်း မြေဧရိယာအတွင်း ကွန်ကရစ်တိုင်များနှင့် ခြံစည်းရိုးများ ဆက်လက်တည်ဆောက်နေကြောင်း သိရသည်။
“မန္တလေး၊ အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၀၇ မှာ မောင်ဝိတ်စီမံကိန်းရှိတယ်ဆိုပြီး ပုံစံ ၇ ပိုင်ရှင် တောင်သူတွေဆီက မြေဝယ်ယူထားတာ မရှိဘဲ လူအင် အားနဲ့ ကွန်ကရစ်တိုင်တွေ စိုက်ပြီး သွပ်ပြားတွေနဲ့ ခြံကာနေပါတယ်။
အဲဒီနေရာမှာ အမရပူရစည်ပင်က လူတွေလည်း ပါသလို စက်ယန္တရားတွေလည်း အသုံးပြုနေပါတယ်။ ခြံလာခတ်တာက လူမိုက်တွေ၊ စည်ပင်တွေ၊ ပြည်သူ့စစ်တွေနဲ့ စစ်တပ်တွေပါ” ဟု မြေသိမ်းခံ တောင်သူတစ်ဦးကရှင်းပြသည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးသီးနှံများ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပြီး မြေများပါ သိမ်းဆည်းခံနေရခြင်းဖြစ်သည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို မန္တလေးမြို့ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းအနီးဝန်းကျင်ရှိ မြေဧက ၂,၅၀၀ ခန့်ပေါ်တွင် အကောင်အထည်ဖော်နေပြီး ကနဦးမတည်ငွေ ကျပ်ဘီလျံ ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံထားကြောင်း၊ အဆိုပါ စီမံကိန်းကို စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် MBCCD ကုမ္ပဏီက စီမံကိန်းကို အကောင် အထည်ဖော်နေခြင်းဖြစ်သည်။
စီမံကိန်းမှာ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးကာ စတင်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကာလ ၁၀ နှစ် သတ်မှတ်ထားကာ အပိုင်း ၇ ပိုင်း ပါဝင်ကြောင်း သိရသည်။
စီမံကိန်းအတွင်း စီးပွားရေးဇုန်၊ ဆိပ်ကမ်း၊ ဟိုတယ်ဇုန်၊ လုံးချင်းအိမ်ရာများ၊ စားသောက် ဆိုင်များ၊ နိုင်ငံတကာပညာရေးနှင့် သက်ဆိုင်သည့်ကျောင်းများနှင့် ဆေးရုံများ ထည့်သွင်းတည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
Pilot Project အဖြစ် မြေဧက ၄၀ ခန့်ကို သဲဖို့ကာ အဆောက်အအုံများ စတင်ဆောက်လုပ်မည်ဟုလည်း ယခင်က ထုတ်ပြန်ခဲ့သည်။
မောင်ဝိတ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို စီးပွားရေးလုပ်ငန်းရှင်များအား မင်းအောင်လှိုင်က ခေါ်ယူရှင်းလင်းပြသသည့် အခမ်းအနားတွင် လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ထိုအခမ်းအနားတွင် မာရဝိဇယဘုရားကြီး တည်ဆောက်ရေးအတွက် မောင်ဝိတ်က မင်းအောင်လှိုင်ထံသို့ အလှူငွေများ လှူဒါန်းခဲ့သည်။
မောင်ဝိတ်သည် စစ်ကောင်စီ၏ တရားလိုပြသက်သေအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ ပေးအပ်ခဲ့သည်ဟု ထွက်ဆို ချောက်ချခဲ့သူဖြစ်သည်။
ထို့အပြင် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံတွင် ဆေး ကုသစဉ် ကျန်းမာရေးစရိတ်အတွက် ငွေကြေးပေးခဲ့သည်ဟုလည်း ထွက်ဆိုခဲ့သည်။
စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် မောင်ဝိတ်သည် ၂၀၀၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထို့နောက် သိန်းစိန်အစိုးရလက်ထက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်များတွင်လည်း စီမံကိန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့သည်။
ထို့ပြင် မောင်ဝိတ်သည် ၂၀၁၇ ခုနှစ်တွင် မန္တလေးတိုင်းအစိုးရအဖွဲ့သို့ ကျပ်သိန်း ၅,၀၀၀ တန်ဖိုးရှိ ရွှေဂဲရေဆိုးသန့်စင်စက်ရုံတစ်ခု လှူဒါန်းခဲ့ပြီး အဆိုပါစက်ရုံမှာ အမရပူရမြို့သစ်စီမံကိန်းအတွင်း ပါဝင်သည့် စီမံကိန်းများထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသည် စတင်ခဲ့သည့်အချိန်ကတည်းက မြေယာကိစ္စများနှင့် စီမံကိန်းအကောင်အထည်ဖော်မှုများအပေါ် မန္တလေးဒေသခံများအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ပြီး လက်ရှိတွင်လည်း တောင်သူများပိုင် မြေယာများအပေါ် ခြံစည်းရိုးကာရံသိမ်းယူနေသည်ဆိုသည့် တိုင်ကြားမှုများ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းပါဝင်သည်ဟုဆိုကာ အမရပူရခရိုင်၊ ယဥ်တော်ကျေးရွာအုပ်စုနှင့် ငယ်တိုးတိုက်နယ်အတွင်း ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅ – က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ အတွင်း ပုံစံ ၇ နှင့်ကိုင်းမြေစိုက်ပျိုးလုပ်ပိုင်ခွင့်ရှိသည့် စုစုပေါင်းဧရိယာ ၄၀၅.၅၀ ဧကအတွင်းမှာ စိုက်ပျိုးလုပ်ပိုင်ခွင့်များကို စစ်တပ်က ပယ်ဖျက်ခဲ့သည်။
ယင်းနောက် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ လက်ဝယ်ကိုင်ဆောင်ထားသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး သတ်မှတ်နှုန်းထား ငွေကြေးသော် လည်း ကောင်း၊ စီမံကိန်းစာချုပ်ပါအတိုင်း စီမံကိန်းမှ ပေါ်ထွက်လာမည့် မြို့မြေကွက်သော် လည်းကောင်း လာရောက်ထုတ်ယူရန် မောင်ဝိတ်ကုမ္ပဏီက ကြေညာခဲ့သော်လည်း လက် တွေ့တွင် မည်သည့်လျှော်ကြေးကိုမှ ပေးဆောင်ခြင်းမရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။















Leave a Reply