အကျပ်အတည်းများကြောင့် လားရှိုးထောင်မှလွတ်မြောက်သည့် နိုင်ကျဉ်းအချို့ စစ်အုပ်စုထိန်းချုပ်နယ်မြေထံ ပြန်ဝင်ရ

၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအနက် ၂၀ ဦးခန့်သည် လွတ်မြောက်နယ်မြေများတွင် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ပြင်းထန်စွာ ရင်ဆိုင်လာရသဖြင့် စစ်အုပ်စုထိန်းချုပ်နယ်မြေထံ ပြန်လည်ဝင်ရောက်ခဲ့ကြရကြောင်း Justice Network For Political Prisoners (JNPP) ထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ လားရှိုးမြို့သိမ်း တိုက်ပွဲအတွင်း အကျဉ်းထောင်ပွင့်သွားခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသား ၂၁၈ ဦး လွတ်မြောက်လာခဲ့သည်။
ယင်းတို့အနက် အချို့မှာ စစ်အုပ်စုက မိသားစုဝင်များမှတဆင့် ခြိမ်းခြောက်ဖိအားပေးမှုများနှင့် လွတ်မြောက်နယ်မြေရှိ အဆမတန် မြင့်မားလာသော ကုန်ဈေးနှုန်းဒဏ်များကြောင့် ယခုကဲ့သို့ ပြန်လည်ဝင်ရောက်ရသည့် လမ်းကြောင်းကို ရွေးချယ်သွားကြခြင်းဖြစ်သည်ဟု JNPP တာဝန်ခံ မယုမိစံက ပြောသည်။
“စစ်အုပ်စုဆီမှာ လက်မှတ်ထိုးရမှန်း သိသိကြီးနဲ့ အိမ်လခသက်သာတယ်၊ ကိုယ့်အိမ်မှာ ထမင်းနဲ့ဟင်းနဲ့ အဆင်ပြေအောင် စားလို့ရတယ်ဆိုတဲ့ စိတ်နဲ့ပဲ ပြန်ပြီး ဝင်ရောက်သွားတဲ့သူတွေ ရှိပါတယ်။ လွတ်မြောက်နယ်မြေကို ရောက်လာတဲ့အခါ အလုပ်ရှာဖို့ ခက်ခဲသလို၊ တရုတ်လုပ်ငန်းရှင်တွေ ဝင်လာတော့ အိမ်လခတွေက အဆမတန် မြင့်တက်လာတယ်။ ရှာတော့ မြန်မာငွေနဲ့ရှာပြီး ယွမ်နဲ့ ပြန်ပေးနေရတဲ့ အကျပ်အတည်းတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ယွမ် ၁၀၀ လျှင် မြန်မာငွေ ၆၅,၀၀၀ ခန့် ပေါက်ဈေးရှိနေပြီး နိုင်ကျဉ်းအချို့မှာ အဝတ်လျှော်ခြင်း၊ လမ်းဘေး ထမင်းရောင်းခြင်းနှင့် တောင်ယာလုပ်ငန်းများဖြင့် ခက်ခဲစွာ ရပ်တည်နေကြရသည်။
CDM ဝန်ထမ်း အရာရှိအဆင့်မြင့်များပင် လမ်းဘေးဈေးရောင်းနေရပြီး ဒေသခံမဟုတ်သဖြင့် ဘာသာစကား အခက်အခဲများလည်း ရင်ဆိုင်နေရကြောင်း JNPP ထံက သိရသည်။
ထို့ပြင် ထောင်မှ ထွက်ပြေးလွတ်မြောက်လာသူများဖြစ်သဖြင့် မှတ်ပုံတင်နှင့် ထောင်ထွက်လက်မှတ်စသည့် မည်သည့်အထောက်အထားမှ မရှိဘဲဖြစ်နေကြရသည်။
သွားလာရေးနှင့် ခိုလှုံခွင့်အတွက် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ထံ အကူအညီတောင်းခံသော်လည်း တုံ့ပြန်မှုတစုံတရာ မရရှိခဲ့ကြောင်း JNPP တာဝန်ခံက ထောက်ပြသည်။
“တိုင်းရင်းသားလက်နက်ကိုင်တွေဆီ သွားအကူအညီတောင်းတော့ NUG နဲ့ပဲ ဆက်သွယ်ပါလို့ ပြောတယ်။ NUG ဘက်ကလည်း ဘာမှတုံ့ပြန်တာ မရှိဘူး။ နိုင်ကျဉ်းတွေဆိုတဲ့ အထောက်အထားလေး တခုထုတ်ပေးဖို့ ချိတ်ဆက်တာတောင် ဘယ်သူ့ကိုမှ ချိတ်ဆက်လို့မရဘူး ဖြစ်နေတယ်” ဟု မယုမိစံက ပြောဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “သူတို့က NUG ကို ဆက်သွယ်အကူအညီတောင်းတယ် ဆိုတာက ဘယ်ကို ဆက်သွယ်တာလဲ။ ကျွန်တော် အခု မေးကြည့်သလောက်တော့ ဝန်ကြီးချုပ်ရုံးကို စာနဲ့ ရောက်လာတာမျိုး မရှိဘူး။
ဘယ်သူ့ကတဆင့် ဘယ်လိုတွေ ဆက်သွယ်အကူအညီတောင်းတာလဲ ဆိုတာကို သိရရင်တော့ ပိုကောင်းမယ် ထင်ပါတယ်။ ဝန်ကြီးချုပ်ရုံးကို စာနဲ့ ဝင်လာထားတာမျိုးတော့ မရှိပါဘူး” ဟု ပြောသည်။
ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းတွင်လည်း စစ်ကြောရေးတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများမှာ ရာသီဥတုအေးလာချိန်တွင် ကိုက်ခဲနာကျင်မှုများ ခံစားနေရသော်လည်း ဆေးဝါးဈေးနှုန်း ကြီးမြင့်မှုကြောင့် လုံလောက်သော ကုသမှု မရရှိကြပေ။
ယားနားပျောက်ဆေး (စကန်နယ်) တဗူးလျှင် ကျပ်၂၀,၀၀ ၊ အကိုက်အခဲပျောက်ဆေး (Diclofenac) တကတ်လျှင် ကျပ် ၃,၀၀၀ ခန့် ပေးနေရပြီး ဆေးမြီးတိုများဖြင့်သာ ဖြေရှင်းနေရသည်ဟု နိုင်ကျဉ်းများထံမှ သိရသည်။
“ကျန်းမာရေးက ဆိုးလာရင် ပေခံ၊ မခံနိုင်ရင် သေဆိုတဲ့ အခြေအနေမျိုးပါ။ လုံလောက်တဲ့ ကျန်းမာရေးကုသမှုလည်း မရသလို၊ ကိုယ့်ကိုယ်ကိုယ် ပြန်ပြုစုဖို့လည်း ငွေကြေး မတတ်နိုင်ကြဘူး” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်အထိ လွတ်မြောက်နယ်မြေများတွင် တော်လှန်ရေးဘက်၌ ဆက်လက်ရပ်တည်နေသည့် နိုင်ကျဉ်း ၁၀၀ ကျော် ကျန်ရှိနေသေးကြောင်း JNPP ၏ အချက်အလက်များအရ သိရသည်။
အဆိုပါ ကျန်ရှိသူများမှာ မိသားစုနှင့် အဆက်အသွယ်ဖြတ်ကာ စစ်ဘေးရှောင် ကလေးသူငယ်များကို စေတနာ့ဝန်ထမ်း စာသင်ပေးခြင်း၊ လက်မှုပညာနှင့် ဈေးရောင်းဈေးဝယ်လုပ်ကိုင်ခြင်းတို့ဖြင့် ချွေတာသုံးစွဲကာ ရပ်တည်နေကြသည်။
၎င်းတို့အနေဖြင့် စစ်အုပ်စုထံ ထပ်မံရောက်ရှိမသွားစေရန် စားဝတ်နေရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ငွေကြေး ထောက်ပံ့ကူညီမှုများ အရေးပေါ် လိုအပ်နေကြောင်း JNPP က သုံးသပ်ထားသည်။
ဓာတ်ပုံ – လားရှိုးအကျဉ်းထောင်ရှေ့ရှိ “လားရှိုးအကျဉ်းထောင်” ဆိုင်းဘုတ်အားတွေ့ရစဉ်။ (Social Media)


Leave a Reply