ကံပေါက်ဒေသတွင် ကြံ့ဖွတ် အမတ်ဟောင်းပိုင် Delco ကုမ္ပဏီက တရုတ် ရာနှင့်ချီခေါ်ယူပြီး သတ္တုတူးဖော်ရေး လုပ်ရန် ပြင်ဆင်နေမှုများ ရပ်တန့်ထားရန် တော်လှန်ရေးတပ်က သတိပေး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် Delco သတ္တုတူးဖော်ရေးကုမ္ပဏီက တရုတ်နိုင်ငံသား ရာနှင့်ချီ ခေါ်ယူပြီး အကြီးစားသတ္တုတူးဖော်ရေးလုပ်ငန်း ထပ်မံလုပ်ကိုင်ရန် ပြင်ဆင်နေမှုကို ရပ်တန့်ထားရန် အမှတ် ၈၀၀၂ တပ်ရင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) မှ တာဝန်ရှိသူက ပြောကြားသည်။
Delco ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်မှစတင်ကာ ကံပေါက်ဒေသတွင် သတ္တုတူးဖော်ရေးလုပ် ငန်းများ လုပ်ကိုင်လာခဲ့ပြီး လုပ်ပိုင်ခွင့်ထက်ကျော်လွန်၍ စည်းကမ်းမဲ့ လုပ်ဆောင်မှုများကြောင့် မြစ်ချောင်း၊ အင်းအိုင်နှင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးခဲ့သည့်အပြင် မြေယာနှင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝများလည်း ထိခိုက်နစ်နာခဲ့ကြောင်း KBDF က ဆိုသည်။
လက်ရှိတွင် Delco ကုမ္ပဏီက တရုတ်နိုင်ငံသား ရာနှင့်ချီကို ခေါ်ယူကာ စစ်ကောင်စီဘက်နှင့် ပူးပေါင်းပြီး ကံပေါက်တောင်ပေါ်တွင် အကြီးစားသတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ် ကိုင်ရန်အတွက် အဆောက်အအုံများ ဆောက်လုပ်နေသည်မှာ သုံးလခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် သတ္တုတူးဖော်ရေးလုပ်ငန်းကို အကြောင်းပြု၍ တရုတ်နိုင်ငံသားများနှင့် ကျားဖြန့်လုပ်ငန်းရှင်များ ပါဝင်သည့် လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သတင်းရရှိထားသည်ဟု KBDF က ပြောဆိုထားသည်။
ကံပေါက်တောင်မှ ထွက်ရှိမည့် ကျောက်သတ္တုများကို အမှုန့်ကြိတ်ရန်အတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ထံမှ သဘာဝဓာတ်ငွေ့ ဝယ်ယူကာ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းပြီး Gas Turbine စက်ရုံ လည်ပတ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
ယင်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ပါက ကံပေါက်ဒေသရှိ တောတောင်သဘာဝပတ်ဝန်းကျင်များ ပျက်စီးနိုင်သည့်အပြင် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်၊ ကျန်းမာရေးနှင့် လူနေမှုဘဝများ ထိခိုက်နိုင်ပြီး ရှေးဟောင်းအမွေအနှစ်များလည်း ပျက်စီး ဆုံးရှုံးနိုင်ကြောင်း KBDF က သတိပေးထားသည်။
“ဒီသတ္တုတူးဖော်ရေးက ဒေသခံပြည်သူတွေအတွက် ဆိုးကျိုးပဲခံးစားရမှာ။ အရင်ကတည်းက မြစ် ချောင်းအင်းအိုင်တွေ၊ တောင်တွေ ကုန်ပြီ။ သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးပြီ။ သဘာဝ အလှ တရားတွေလည်း မရှိတော့ဘူး။
ဒီစီမံကိန်းက ဘယ်လိုပဲပြောပြော ပြည်သူတွေအတွက် ကောင်းကျိုး ဖြစ်လာတဲ့စီမံကိန်းမဟုတ်ဘူး။ ဒီကုမ္ပဏီတွေဟာ အရင့်အရင်ကတည်းက လုပ်လာတဲ့ ခြေအနေက တော်တော်ဆိုးဆိုးရွားရွားရှိတယ်။ ဘာစည်းမျဉ်းစည်းကမ်းဥပဒေမှ မရှိဘူး။ လိုက်နာ ခြင်းလည်း မရှိ ဘူး။
ဒီကုမ္ပဏီရဲ့နောက်ဆက်တွဲလုပ်ငန်းတစ်ခုလာတယ်။ ဒီလုပ်ငန်းကလည်း ဒီကရတဲ့သတ္တုတွေ ကို ကြိတ်ခွဲပြီးတော့ တရုတ်နိုင်ငံကို သယ်မှာ။ ဒီသတ္တုရှာဖွေရေး အကြောင်းပြုပြီးတော့ပါလာတဲ့ တ ရုတ် နိုင်ငံသားတွေဟာ ကျားဖြန့်တွေနဲ့လည်း ပတ်သက်မှုရှိတယ်လို့ ဒေသ ခံတွေက ကျနော်တို့ ပြော ကြားလာတာ။
နောက်တစ်ခုက ကျနော်တို့ မြန်မာနိုင်ငံ သားတွေက တနေရာကနေ တနေရာကို ကျန်းမာရေးသော် လည်း ကောင်း၊ စီးပွားရေး သော်လည်းကောင်း ခရီးသွားတဲ့အခါမှာ အခက်အခဲရှိ တယ်။ တရုတ်နိုင်ငံသားတွေက ကျနော်တို့ မြန်မာနိုင်ငံသားတွေထက် ပိုပြီးတော့ လွတ်လပ်နေသလို ဖြစ်နေတယ်။
ဒါက ဥပဒေစိုးမိုးရေး ဘယ်လောက်ရှိလဲ၊ စစ်တပ်က ဘယ်လောက် ကာကွယ်ပေးထား လဲဆိုတာ သက်သေပဲ။ အခုလိုတရုတ်နိုင်ငံသားတွေလည်းရောက်လာတယ်၊ ကျားဖြန့်တွေနဲ့လည်း ဆက် နွှယ်နေတယ်။
သတ္တုတူးဖော်ရေးကလည်း စည်းမဲ့ကမ်းမဲ့ဆိုတော့ ပြည်သူလူထုကြားထဲမှာ သူ ခိုး၊ ဂျပိုးတွေ အများကြီးဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်။” ဟု အမှတ် ၈၀၀၂ တပ်ရင်း၊ ကံပေါက် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ကြောင့် အမှတ် ၈၀၀၂ တပ်ရင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဆိုပါ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် Delco ကုမ္ပဏီကို ပြင်း ပြင်းထန်ထန် သတိပေးထားပြီး ဆက်လက်လုပ်ဆောင်ပါက ဖြစ်ပေါ်လာနိုင်သည့် နောက် ဆက်တွဲအကျိုးဆက်များသည် ကုမ္ပဏီ၏ တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
DELCO ကုမ္ပဏီမှာ ကြံ့ဖွတ်ပါတီမှ ၂၀၁၀ ရွေးကောက်ပွဲ ရေဖြူမြို့နယ် ပြည်သူ့ လွှတ် တော်အမတ်အဟောင်း ဝင်းဦး ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး ၁၉၉၇/၉၈ ခုနှစ်တွင် ဝင်းဦးအမည်ဖြင့် လုပ်ကိုင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်၌ DELCO အမည်ဖြင့် စတင် လုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်သည်။


Leave a Reply