အာဏာရှင်နေဝင်းမိသားစုပိုင် နဝရတ်ဟိုတယ်နှင့် ခြံကွက်ကြီးကို စစ်တပ်က လေလံပစ်ပြီး ရင်းနှီးမြှုပ်နှံလိုသူများ ဖိတ်ခေါ်
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့်ရှိ စစ်အာဏာရှင်ဟောင်း ဦးနေဝင်းမိသားစုပိုင် နဝရတ်ဟိုတယ်နှင့် မြေဧရိယာများကို စစ် တပ်လက်အောက်ခံ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လေလံတင်၍ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များအား တင်ဒါအဆိုပြုလွှာ တင်သွင်းရန် တရားဝင် ကြေညာလိုက်သည်။
စစ်တပ်လက်အောက်ခံ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ နဝရတ်ဟိုတယ်နှင့် မြေဧရိယာများကို စီမံခန့်ခွဲလျက်ရှိပြီး ယင်းနေရာကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ ရင်းနှီးမြှုပ်နှံခွင့်ပြုရန် တင်ဒါခေါ်ယူခြင်းဖြစ်သည်။

ယခုအခါ အာဏာရှင်ဟောင်း နေဝင်းမိသားစုပိုင်ဆိုင်ခဲ့သော နဝရတ်ဟိုတယ်နှင့် သက်ဆိုင်သည့် မြေဧရိယာများကို စစ်တပ်လက်အောက်ခံ ဝန်ကြီးဌာနက ပြန်လည်စီမံခန့်ခွဲပြီး ရင်း နှီးမြှုပ်နှံသူများထံ ရေရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပြုရန် Swiss Challenge တင်ဒါစနစ်ဖြင့် အဆို ပြုလွှာများ ခေါ်ယူလာခြင်းဖြစ်သည်။
စစ်တပ်၏ တင်ဒါခေါ်ယူသည့် အစီအစဉ်တွင် မြေ ၅ ဧကနှင့် အဆောက်အအုံကို ငှားရမ်းခြင်း နှင့် မြေ ၄ ဒသမ ၂၇၄ ဧကကို BOT (Build-Operate-Transfer) စနစ်ဖြင့် ငှားရမ်းခြင်း တို့ ပါဝင်ပြီး စုစု ပေါင်း လုပ်ကိုင်ခွင့်ကာလကို ၃၀+၅+၅ နှစ် သတ်မှတ်ထားကြောင်း သိရသည်။
ယင်းလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များအနေဖြင့် “Swiss Challenge တင်ဒါအဆိုပြုလွှာ” တင်သွင်းနိုင်ရန် တင်ဒါကော်မတီက ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
န၀ရတ်ဟိုတယ်လုပ်ငန်းကို တင်ဒါခေါ်ယူသည့် Swiss Challenge စနစ်မှာ အစိုးရ သို့မဟုတ် အစိုးရ ပိုင်အဖွဲ့အစည်းက စီမံကိန်းတစ်ခုအတွက် မူလအဆိုပြုလွှာတစ်ခု ရရှိထားပြီးနောက် အခြားရင်းနှီးမြှုပ်နှံသူများကိုလည်း အလားတူ စီမံကိန်းအတွက် ပိုမိုကောင်းမွန်သည့် အဆိုပြုလွှာများ တင်သွင်းယှဉ်ပြိုင်ခွင့်ပေးသည့် တင်ဒါစနစ်တစ်ခုဖြစ်သည်။
ယင်းစနစ်တွင် မူလအဆိုပြုသူထံမှ ရရှိထားသည့် အဆိုပြုချက်ကို အခြေခံ၍ အခြားကုမ္ပဏီများက ပိုမိုကောင်းမွန်သည့် ဈေးနှုန်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ စီမံကိန်းအကောင် အထည်ဖော်မည့် အစီအစဉ် သို့မဟုတ် အစိုးရအတွက် ပိုမိုအကျိုးရှိသည့် အခြေအနေများဖြင့် ယှဉ်ပြိုင်အဆိုပြုနိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် ယခု နဝရတ်ဟိုတယ်တင်ဒါတွင်လည်း သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ စိတ်ဝင်စားသည့် လုပ်ငန်းရှင်များက အဆိုပြုလွှာများ တင်သွင်း၍ ယှဉ်ပြိုင်ရမည့် သဘောဖြစ်သည်။
နဝရတ်ဟိုတယ်နှင့် မြေဧရိယာများအတွက် တင်ဒါအဆိုပြုလွှာပုံစံများကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်မှ စတင်ရောင်းချမည် ဖြစ်ပြီး စက်တင်ဘာလ ၈ ရက် အထိ ဝယ်ယူနိုင်မည်ဖြစ်သည်။
အဆိုပြုလွှာများကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၉ ရက် နံနက် ၁၀ နာရီ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး အဆိုပြုလွှာများကို ထိုနေ့ နံနက် ၁၀ နာရီခွဲ တွင် ဖွင့်ဖောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
စစ်အာဏာရှင်မိသားစုပိုင်ဆိုင်သော နဝရတ်ဟိုတယ်သည် စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မိသားစုနှင့် ဆက်နွှယ်သည့် ပိုင်ဆိုင်မှုတစ်ခုအဖြစ် ယခင်ကတည်းက လူသိများကျော်ကြားခဲ့သည်။
၂၀၀၂ ခုနှစ် မတ်လတွင် စစ်အစိုးရက နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်မှုဖြင့် အာဏာရှင်ဟောင်း ဦးနေဝင်း၏ သားမက် ဦးအေးဇော်ဝင်းနှင့် မြေးများဖြစ်သည့် အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့ကို သန်းရွှေခေါင်းဆောင်သော စစ်တပ်က ဖမ်းဆီးခဲ့သည်။
ယင်းအချိန် နေဝင်းမိသားစုပိုင် နဝရတ်ဟိုတယ်ရှိ Golden Crown ကုမ္ပဏီကို စစ်တပ်က ဝင်ရောက်ရှာဖွေခဲ့ရာ ဂြိုဟ်တုဖုန်းများနှင့် ဆက်သွယ်ရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဦးနေဝင်း၏ သားမက် ဦးအေးဇော်ဝင်းနှင့် မြေးများဖြစ်သည့် အေးနေဝင်း၊ ကျော်နေဝင်းနှင့် ဇွဲနေဝင်းတို့ကို ၂၀၀၂ ခုနှစ်တွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်။
သို့သော် သမ္မတဟောင်း သိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နေဝင်း၏ မြေးများမှာ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။


Leave a Reply