ဖားကန့်တွင် ရွာရှင်းလင်းရေးလုပ်စဉ် ရုပ်အလောင်း ၂၅ လောင်း တူးဖော်တွေ့ရှိ၊ စစ်တပ်နှင့် ပြည်သူ့စစ်များလက်ချက်ဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းကလေးကျေးရွာ၌ ဒေသခံ ရပ်/ကျေးအဖွဲ့ဝင်များက ယနေ့ ဩဂုတ် ၂၄ ရက်တွင် နေအိမ်ခြံဝင်းများ ရှင်းလင်းရေး ပြုလုပ်စဉ် မြေမြှုပ်ထားသည့် ရုပ်အလောင်း ၂၅ လောင်းကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ မဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် အဆိုပါ မှော်ဝမ်းကလေးကျေးရွာအတွင်းသို့ ဒေသခံများ ပြန်လည်ဝင်ရောက်နေထိုင်ရန် ခွင့်ပြုမိန့် ထွက်ပေါ်လာပြီးနောက် နေအိမ်ခြံဝင်းများကို သန့်ရှင်းရေး ပြုလုပ်ရာမှ မသင်္ကာဖွယ် မြေနေရာများကို တူးဖော်စစ်ဆေးရာ အဆိုပါ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ရုပ်အလောင်းများကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းရုပ်အလောင်းများသည် စစ်ကော်မရှင်တပ်၊ ဝါရာဇွပ် ပြည်သူ့စစ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဒေသခံများ ဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုသော်လည်း အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
လက်ရှိတွင် သတ်ဖြတ်ခံရသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့်အချိန်ကာလက မည်သို့ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းနှင့် မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်ခဲ့သည်ဆိုသည့် အသေးစိတ် အချက်အလက်များကို ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

ကချင်ပြည်နယ်အတွင်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ၏ အရပ်သားများအပေါ် သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိရာ ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယပတ်အတွင်းကလည်း မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမပေါ်ရှိ နောင်းမီကျေးရွာမှ ဒေသခံ ၄ ဦးကို မင်းဇေသန့် ဦးဆောင်သည့် ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
အဆိုပါ ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဘက်က ဝန်ခံခဲ့သော်လည်း သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို မိသားစုဝင်များထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း မရှိသေးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာန၏ ဖော်ပြချက်အရ သိရသည်။

ထို့နောက် ဩဂုတ်လ ၁၆ ရက်နေ့တွင် မင်းဇေသန့်၏ ညီဖြစ်သူက သေဆုံးသူများ၏ မိသားစုဝင်များကို ခေါ်ယူတွေ့ဆုံကာ “ငါ့တပည့်တွေ လက်လွန်သွားတာပါ” ဟု ဖြေရှင်းပြောဆိုခဲ့ပြီး သေဆုံးသူ တစ်ဦးလျှင် ကျပ်သိန်း ၂၀၀ စီ လျော်ကြေးပေး၍ အမှုစေ့စပ်ရန် ကြိုးပမ်းခဲ့သော်လည်း မိသားစုဝင်များက ငွေကြေးကို လက်မခံဘဲ ရုပ်အလောင်းများကိုသာ အမြန်ဆုံး ပြန်လည်ပေးအပ်ရန် ပြတ်ပြတ်သားသား တောင်းဆိုထားသည်။
ဖားကန့်မြို့ မှော်ဝမ်းကလေး ကျေးရွာ၌ စစ်ကောင်စီ၊ ဝါရာဇွပ် ပြည်သူ့စစ်၊ SNA အဖွဲ့များ၏ သတ်ဖြတ်ခြင်း ခံထားရသော အရပ်သား ပြည်သူ့ အယောက် ( ၂၅ ) ဦး၏ ရုပ်အလောင်းများအား ဒေသခံ ရပ်ကျေး အဖွဲ့များမှ နေအိမ်ခြံများ ရှင်းလင်းရေး ပြုလုပ်ကြစဉ် မသင်္ကာသည့် မြေနေရာများအား တူးဖေါ်ရာမှ စစ်ဆေးတွေ့ရှိခဲ့ကြရပါတယ်။

ထိုကျေးရွာအား စကမအကြမ်းဖက်အဖွဲ့မှ ထိန်းချုပ်ထားရာနေရာဖြစ်ပြီး ရွာအတွင်း ဝင်ရောက်နေထိုင်ရန် ခွင့်ပြုမိန့် ထွက်လာအပြီး ပြည်သူ့များမှ ပြန်လည်နေထိုင်ရန် ခြံများ ရှင်းလင်းရေးလုပ်ရာမှ တွေ့ရှိ တူးဖေါ်ခဲ့ကြပါသည်။
သတ်ဖြတ်ခံရသူများမှ မည့်သူ့ မည့်ဝါ ဖြစ်ကြောင်း စုံစမ်းစစ်ဆေးနေပါတယ်။
မိတ်ဆွေတို့၏ မီသားစု၊ အသိုင်းအဝိုင်း၊ သူငယ်ချင်းများ ပျောက်ဆုံးနေခဲ့တာ နှစ်ပေါက်အောင် ကြာနေရင် သွားရောက်၍ စုံစမ်းမေးမြန်းနိုင်ကြပါတယ်၊ မှော်ဝမ်းလေး ကျေးရွာ၊ ဖားကန့်မြို့နယ်။

အားလုံး ဘေးကင်းကြပါစေ။
မတရားမှု အမြန်ဆုံး ပေါ်ပေါက်လာပါစေ။
Naw Tu Awng


Leave a Reply