မြိုင်နယ်၊ တောင်စုံရွာမှာ ဖြစ်သလိုမြေမြှုပ်ထားတဲ့ စစ်အုပ်စု ရုပ်အလောင်း ၁၀လောင်းကျော်ကို တော်လှန်ရေးအဖွဲ့တွေ ရှင်းလင်းပေးခဲ့ရ

စစ်အုပ်စု ဆယ်ရက်ကြာ အထိုင်ချတပ်စွဲသွားတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ် ၊တောင်စုံကျေးရွာမှာ ဖြစ်သလို မြေမြှုပ်ပစ်ထားခဲ့တဲ့ စစ်အုပ်စု ရုပ်အလောင်း(၁၀)လောင်းထက်မနည်းကို တော်လှန်ရေးတပ်တွေက ရှင်းလင်းပေးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုဟာ မြိုင်နယ် တောင်စုံကျေးရွာမှာ ဩဂုတ်လ ၁၄ ရက်နေ့ကတည်းက ၁၀ရက်ကြာ အထိုင်ချတပ်စွဲကာ အဆိုပါကျေးရွာအနီး တော်လှန်ရေးတပ်တွေနဲ့ နေ့စဉ်နီးပါးတိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
အဆိုပါရုပ်အလောင်းတွေဟာ တော်လှန်ရေးတပ်ပူးပေါင်းတပ်တွေက အညာတမာစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်းမှာ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေဖြစ်နိုင်ပြီး အထိနာခဲ့တဲ့ စစ်အုပ်စုက ကျေးရွာအတွင်း ဖြစ်သလို ထားရှိခဲ့တာဖြစ်တယ်လို့ နယ်မြေရှင်းလင်းရေးမှာ ပါဝင်တဲ့ ဒေသခံရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ သေဆုံးသွားတဲ့ စစ်အုပ်စုဝင်တွေရဲ့ ရုပ်အလောင်းတချို့ စောင်နဲ့ထုပ်ပြီး ဖြစ်သလို ပစ်ထားခဲ့သလို တချို့ကိုတော့ မြေကျင်းတိမ်တိမ်လေးတွေမှာ မြှုပ်ထားခဲ့တာကြောင့် ပုပ်စော်တွေနံနေပြီး ရှင်းလင်းဖို့တောင် ခက်ခဲနေတယ်လို့ အဆိုပါရဲဘော်က ပြောပါတယ်။
“ခွေး(စစ်အုပ်စု)တွေက သူတို့စစ်သားအလောင်းတွေကို အကုန်ဖြစ်ကတက်ဆန်း ထားခဲ့တာပါ၊ တွင်းတိမ်တိမ်လေးတူးပြီး မြုပ်ရတာနဲ့ ဒီတိုင်းထုပ်ပြီး ပစ်ထားခဲ့ရတာနဲ့ တချို့ဟာတွေက ကျေးရွာပြည်သူ့နေအိမ်ထဲ ထည့်မီးရှို့ခဲ့တာနဲ့၊ တချို့က ချောက်ကြားထဲကို လွှင့်ပစ်ထားခဲ့ရတာနဲ့ အကုန်ကို မရှင်းနိုင်သေးဘူး”လို့ သူကဆိုပါတယ်။
ပခုက္ကူမြို့တပ်မ ၁၀၁ ခေါ် အမှတ်၁၀၁ ခြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ စစ်အုပ်စု အင်အား ၇၀၀ခန့်ဟာ ဇွန်လပထမပတ်ကစပြီး မြိုင်နယ်ရေနံမှော်တွေဆီ ဦးတည်ကာ နှစ်လကျော် စစ်ကြောင်းထိုးနေခဲ့ပြီး တော်လှန်ရေးတပ်တွေ့နဲ့လည်း နေ့စဉ်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

အဆိုပါ စစ်အုပ်စုစစ်ကြောင်းဟာ သြဂုတ်လဆန်းပိုင်းမှာ မြိုင်နယ်၊ ယာကြီးပြင်ကျေးရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ၁၂ ရက်ကြာအထိုင်ချတပ်စွဲပြီးနောက် ဩဂုတ်လ ၁၄ ရက်နေ့မှာတော့ တောင်စုံကျေးရွာကို ရောက်ရှိလာကာ အဆိုပါကျေးရွာမှာ (၁၀)ရက်ကြာ တပ်စွဲခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုစစ်ကြောင်းက တောင်စုံကျေးရွာကနေ ထွက်ပြီး တဲကြီးကျေးရွာနဲ့ တောင်ရိုးကျေးရွာ ကြားကို ရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ လက်ပံတိုရေနံမြေဆီကို ပြန်လည် ဦးတည်နိုင်ပြီး ဘယ်ကို ဆက်သွားမယ်ဆိုတာတော့ တိတိကျကျ မသိရသေးဘူးလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အခုရက်ပိုင်းတွေအတွင်းမှာလည်း စစ်အုပ်စုစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး စစ်အုပ်စုဘက်က လေကြောင်းကနေ Mi35 နဲ့ လာရောက်ပစ်ကူတာမျိုးရှိကာ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးဘူးလို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
မြိုင်နဲ့ပေါက်မြို့နယ်တွေမှာ ရွာစဉ်ပတ်မွှေပြီး နှစ်လခန့်ကြာ စစ်ကြောင်းထိုး၊မီးရှို့၊လူသတ်မွှေနှောက်ခဲ့တဲ့ အဲဒီစစ်ကြောင်းဟာ ဒေသခံပြည်သူ ၃၄ ယောက်ခန့်ကို သတ်ဖြတ်ထားသလို ပြည်သူနေအိမ် ၄၀၀ ဝန်းကျင်ကိုလည်း မီးရှို့ဖျက်ဆီးထားပါတယ်။

လတ်တလောမှာတော့ စစ်အုပ်စုရန်ကြောင့် ယာကြီးပြင်ကျေးရွာ၊တောင်စုံကျေးရွာ၊မှန်ရင်းကျေးရွာ၊ မြောင်းမြားကျေးရွာ၊တဲကြီးကျေးရွာတို့က ဒေသခံတွေနဲ့ ကျောက်ခွက်ရေနံမြေထဲက ရေနံလုပ်သားနဲ့ ဈေးသည်တွေအားလုံး စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်အုပ်စုဟာ ဇွန်လဆန်းပိုင်းမှာ မြိုင်မြို့နယ် တွင်းမရွာပျူစခန်းကတဆင့် ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာနဲ့ မြိုင်မြို့နယ် ကိုင်းတောမကျေးရွာတွေကို ကနဦး စီးနင်းလုယက်၊ မီးရှို့၊ လူသတ်ပြီးနောက် အဲ့ဒီကတဆင့် ကိုင်းတောမ – ဝက်ပုတ် – ဗောတုံ- ဘောင့်ပင် -သင်းမ – ယာကြီးပြင် – တောင်စုံ – မှန်ရင်း စတဲ့ ကျေးရွာ လမ်းပိုင်းတွေကို အသုံးပြုကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတာလို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီလို ပခုက္ကူနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့တဲ့ အာဏာသိမ်း စစ်အုပ်စုကို အညာတမာစစ်ဆင်ရေးစုဖွဲ့မှုအဖြစ် ဒေသခံတော်လှန်ရေးတပ်တွေ စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ ခုခံတိုက်ခိုက်ခဲ့ရာ နှစ်လကျော်အတွင်း တိုက်ပွဲ အကြိမ် ၃၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၅၀ ကျော် သေတယ်လို့ မကွေးယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အညာတမာစစ်ဆင်ရေးအတွင်း သေဆုံးခဲ့တဲ့ စစ်အုပ်စုရုပ်အလောင်းတွေကို စစ်အုပ်စုက မြိုင်နယ်၊တောင်စုံကျေးရွာအတွင်း ဖြစ်သလို မြေမြှုပ်ထားခဲ့စဉ်/ဓာတ်ပုံ-ဒေသခံ


Leave a Reply