ဗြိတိသျှ စတာလင်ပေါင်ငွေ ငါးသောင်း (အမေရိကန်ဒေါ်လာ ၆ သောင်းခွဲကျော်)ကို ချက်ချင်းယူမလား ဒါမှမဟုတ် ရဖို့ တစ်ဝက်ပဲ သေချာတဲ့ ပေါင်ငွေ တစ်သန်း (အမေရိကန်ဒေါ်လာ ၁.၃၆ သန်း) ကို အရဲစွန့် ယူမလားဆိုရင် ဘာရွေးကြမှာပါလဲ။
အရွယ်ရောက်ပြီး ဗြိတိန်နိုင်ငံသား ၄,၆၀၀ ကို ယူဂေါ့(YouGov) နိုင်ငံတကာ သုတေသနနဲ့ အချက်အလက်ရှာဖွေရေး ကုမ္ပဏီက ဒီမေးခွန်းကို မေးပြီး မကြာသေးခင်က စစ်တမ်းကောက်ယူကြည့်ခဲ့ပါတယ်။
အဖြေက ဘာဖြစ်မယ် ထင်ပါလဲ။
မေးခဲ့သူ စုစုပေါင်းရဲ့လေးပုံ သုံးပုံ နီးပါး (၇၃ ရာခိုင်နှုန်း) လောက်က ပေါင်ငါးသောင်းကိုပဲ ချက်ချင်းယူမယ်လို့ ဖြေကြပါတယ်။ ငါးပုံတစ်ပုံကျော်လောက် (၂၁ ရာခိုင်နှုန်း)ကတော့ ပေါင် ၁ သန်းကို အရဲစွန့်ယူမယ်လို့ ဆိုပါတယ်။ ၆ ရာခိုင်နှုန်းကတော့ ဝေခွဲမရ ဖြစ်နေကြပါတယ်။
အမျိုးသမီး၊ အမျိုးသားကြားမှာတော့ အဖြေက သိသိသာသာကို ကွဲပြားခဲ့ပါတယ်။ ပေါင် ငါးသောင်း ချက်ချင်းယူမယ့်သူတွေထဲမှာ အမျိုးသမီးက ၈၂ ရာခိုင်နှုန်းရှိပြီး အမျိုးသားကတော့ ၆၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။
ကနဦးက ဒီစစ်တမ်းကို ယူကေနိုင်ငံမှာပဲ လုပ်ခဲ့တာဖြစ်ပြီး ရလဒ်က လူမှုကွန်ရက်ပေါ်မှာ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
“ဗြိတိန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အရဲစွန့်ဖို့ အကြောက်ဆုံး လူမှုအသိုင်းအဝိုင်း” ဆိုပြီး တစ်ယောက်က ဝေဖန်ခဲ့သလို နောက်တစ်ယောက်ကလည်း “ဒါက ယူကေမှာ ဖြစ်နေတဲ့ပြဿနာပေါ့” ဆိုပြီး မှတ်ချက်မှာ ရေးခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ပြောသလို တကယ်ပဲလား။ ဗြိတိန်နိုင်ငံသားတွေဟာ (တကယ်လို့ ကိုယ် ကိုယ်တိုင်ရော သေချာပေါက်ရမယ့်လမ်းကို ရွေးမယ်ဆိုရင်) အရဲစွန့်ရမယ့်လမ်းကို ရှောင်တဲ့သူတွေပါလား။



Leave a Reply