အကြမ်းဖက်ရေတပ်မှ ဗိုလ်မှူးဒေါက်တာလင်းထက်ကျော်အောင် ကျောက်ဖြူမှာ သေဆုံး

အကြမ်းဖက်ရေတပ်မှ ဗိုလ်မှူးဒေါက်တာလင်းထက်ကျော်အောင် အသက် (၄၄) နှစ်ဟာ ကျောက်ဖြူမှာ ယခုလ ၂၁ ရက်နေ့က သေဆုံးသွားခဲ့တယ်လို့ မိသားစုရဲ့ နာရေးကြော်ငြာမှာ ဖော်ပြထားပါတယ်။
ဗိုလ်မှူး ဒေါက်တာလင်းထက် ကျော်အောင် (၄၄) နှစ် (တပ်မတော်ရေ) ဟာ ၂၁-၈-၂ဝ၂၆ ရက် နံနက် (၈:၄၅) နာရီမှာ ကျောက်ဖြူမြို့မှာ ၉၆ပါးသောရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ၂၂-၈-၂၀၂၆ ရက်မှာ ကျောက်ဖြူမြို့ သုသာန်မှာ မီးသင်္ဂြိုဟ်ပြီး ဖြစ်ကြောင်းလို့လည်း ဖော်ပြထားပါတယ်။

ယခုကဲ့သို့ မိသားစု နာရေး ကြေငြာမှာ ၉၆ပါးသောရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ဖော်ပြထားပေမယ့်လည်း အများစုက ကျောက်ဖြူမှာ အာရက္ခတပ်တော်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း အွင်လိုင်းတွင် ပျံ့နှံ့နေပါတယ်။
အာဏာသိမ်း မြန်မာစစ်တပ်ဟာ တိုက်ပွဲအတွင်း ကျသွားတဲ့ စစ်သားတွေရဲ့ အမည်ကို တရားဝင် ထုတ်ပြန်တာမျိုးမရှိသလို မိသားစုတွေကိုလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့ကြတဲ့ စစ်သားတွေရဲ့ နာရေးကို ကြော်ငြာမလုပ်ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်လို့ သိရပါတယ်။


ဒီအတွက် တိုက်ပွဲထဲမှာ ကျသွားတဲ့သူတွေရဲ့ နာရေးကို ၉၆ ရောဂါနဲ့ သေဆုံးသွားခဲ့ရတာလို့ နာရေးကြော်ငြာတွေမှာ မလိမ့်တပတ်နဲ့ ထည့်သွင်း ဖော်ပြနေကြရတာဖြစ်တယ်လို့ သိရပါတယ်။
ကျောက်ဖြူတိုက်ပွဲအတွင်း ဗိုလ်မှူးချုပ်ကျော်အောင် (ငြိမ်း) ၏သား ရေတပ်ဗိုလ်မှူး ဒေါက်တာ လင်းထက်ကျော်အောင် သေဆုံး၊
ရှမ်းပြည်နယ်တွင်လည်း RCSS နှင့် တိုက်ပွဲဖြစ်ပြီး ဗိုလ်မှူးကျော်ဇင်လတ် အပါအဝင် စစ်သား ၇ ဦး သေဆုံး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီရေတပ်မှ ဗိုလ်မှူး ဒေါက်တာလင်းထက်ကျော်အောင် ကျဆုံးခဲ့ကြောင်း CDM ဗိုလ်ကြီးဇင်ယော်၏ ပြောဆိုချက်နှင့် မိသားစု၏ နာရေးကြေညာချက်အရ သိရှိရသည်။
ဗိုလ်မှူး ဒေါက်တာလင်းထက်ကျော်အောင်သည် အသက် ၄၄ နှစ်အရွယ်ဖြစ်ပြီး တပ်မတော်နည်းပညာကောလိပ် (MTC) တွင် ဒုတိယကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူးချုပ်ကျော်အောင် (ငြိမ်း) နှင့် ဒေါ်မာလာဝင်းတို့၏ သားဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၂၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်အချိန DSTA အပတ်စဉ် ၈ သင်တန်းဆင်း ရေတပ် ဗိုလ်မှူး ဒေါက်တာ လင်းထက်ကျော်သည် ကျောက်ဖြူမြို့နယ်အတွင်း ရှေ့တန်းတိုက်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
၎င်း၏ ရုပ်အလောင်းကို ကျောက်ဖြူမြို့ သုဿန်၌ မီးသင်္ဂြိုဟ်ခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်အိခိုင်ဇင်နှင့် သားဖြစ်သူ မောင်ရှိုင်းလင်းထက် (နိုနို)၊ မောင်မိုင်းမိုင်းတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။
CDM ဗိုလ်ကြီး ဇင်ယော်က “ကျောက်ဖြူအနေအထားကတော့ ဗိုလ်မှူးချုပ်သားတစ်ယောက်တောင် အလောင်းကို ကျောက်ဖြူမှာပဲ မြှုပ်ရတယ်ဆိုတော့ ကျောက်ဖြူ၊ တောင်မော်ဦး အခြေအနေက ဒီရက်ပိုင်းမှာ တော်တော်လေး ပြင်းထန်နေတယ်လို့ မှန်းဆလို့ရပါတယ်” ဟု ပြောကြားထားသည်။
ကျောက်ဖြူမြို့နယ်တွင် ဩဂုတ်လ ၁၉ ရက်နေ့ ညပိုင်းမှစတင်၍ အာရက္ခတပ်တော်က တောင်မော်ဦးရေတပ်စခန်းကို အခိုင်အမာ ကာကင်းပြုထားသည့် အဝတောင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
တောင်မော်ဦးရေတပ်စခန်းသည် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ကြားရှိ မဟာဗျူဟာအရ အရေးပါသည့် စစ်ကောင်စီရေတပ်စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီက အင်အားဖြည့်တင်းထားသည့်အပြင် ရမ်းဗြဲမြို့နယ် စနဲမြို့ဘက်သို့ ထိုးစစ်များပြုလုပ်ရာတွင် အသုံးပြုနေသည့် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်မှ ၁၂ နာရီ ၃၀ မိနစ်အထိ ရှမ်း ပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲမှာ ခလရ (၃၁၄) မှ ဒုတိယဗိုလ်မှူးကြီး သန်းနိုင်စိုး ဦးဆောင်သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား ၆၀ ခန့်က RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
RCSS ၏ ထုတ်ပြန်ချက်အရ တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဘက်မှ ၆ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သဖြင့် နယ်မြေအတွင်းမှ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ထိုသို့ ဆုတ်ခွာစဉ် စစ်ကောင်စီတပ်က RCSS/SSA တပ်ဖွဲ့ဝင်များ ရှိနိုင်သည်ဟု ယူဆသည့် နေရာများသို့ ၆၀ မမ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် လက်ရှိတွင် နှစ်ဖက်စစ်ရေးတင်းမာမှု ဆက်လက်ရှိနေကြောင်း RCSS က ဆိုသည်။
ထို့အပြင် ဩဂုတ်လ ၁၄ ရက်နေ့ကလည်း အမှတ် ၃၈၇ အမြောက်တပ်(မိုင်းခုတ်)မှ ဗိုလ် မှူး ကျော်ဇင်လတ်သည် RCSS/SSA နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။
RCSS သည် စစ်တပ်နှင့် NCA လက်မှတ်ရေးထိုးထားသော ရှမ်းတိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ဖြစ်သော်လည်း စစ်တပ်နှင့် ထိတွေ့တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။
နာရေးကြော်ငြာ- လူမှုကွန်ယက်စာမျက်နှာ



Leave a Reply