ကျွန်တော်ဘုရားတည်သည့်နေရာမှာ မထင်မှတ်ဘဲပါလာသည့်နှစ်ပေါင်း ရာချီပြီဖြစ်တဲ့ သမိုင်းဝင်ခေါင်းဆေးမင်္ဂလာရေတွင်းအား ပြန်လည်ပြုပြင်မွမ်းမံနေပါပြီ။
စေတီတော်ပြီးစီးရန်ဦးစားပေးနေရသည့်အတွက်ကျန့်ကြာနေခြင်းဖြစ်ပါတယ်။
ကံဆိုးကံညံ့ကြုံနေသူများ၊ကျန်းမာရေးအညံ့ကြုံနေသူများ၊လာတ်လာဘပိတ်နေသူများ၊စီးပွားရေ အောင်မြင်ချင်သူများနဲ့ ကံဆိုးကံညံ့ဝဋ်ကြွေးတွေကျေချင်သူများအတွက် ခေါင်းဆေးမင်္ဂလာရေတွင်းတော်အဖြစ်စီရင်ဆောင်ရွက်မှာဖြစ်ပါတယ်။
သိန်းပေါင်း နှစ်ရာကျော်ကုန်ကျမည့်အနုစိတ် မြန်မာမှုလက်ရာများဖြင့်ခမ်းနားစွာ ပြုပြင်မွမ်းမံရန် စတင်နေပြီမို့ ပဌာန်းဆက် မိတ်ဆွေအလှူရှင်များမှလည်း ရေတွင်းရေကန်ဆယ်ခြင်း၊ပြုပြင်မွမ်းမံခြင်းကုသိုလ်ထူးကိုအရယူနိုင်ရန် ကုသိုလ်မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ…

ကုသိုလ်အမျှရကြပါစေသော်…🙏🙏🙏
ရှေးဟောင်းသမိုင်းဝင်ရေတွင်းကိုအပင်ကြီးခုတ်လှဲပြီးပြန်လည်ပြုပြင်မွမ်းမံလို့ဆိုပြီးကျွန်တော့်ကိုဝိုင်းအပြစ်ပြောနေသူများကြောင့်စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်၊ကျွန်တော့်အတွက်ကြောင့် အကုသိုလ်မယူကြပါနဲ့ခင်ဗျာ🙏🙏🙏

တကယ်တော့ကျွန်တော်ကရေတွင်းနားမှာကပ်ပေါက်နေတဲ့နဘဲပင်ကြီးနဲ့ကုက္ကိုလ်ပင်အိုငုတ်ကြီးကိုမရှင်းပစ်ဘဲသဘာဝကျကျလေးထားချင်ခဲ့တာပါ။
ဒီဆေးရိုးတောအုပ်လေးကိုလည်း အပင်တွေအုံ့အုံ့ဆိုင်းဆိုင်းနဲ့ ဓနိမိုးကျောင်းသင်္ခန်းလေးတွေဆောက်ပြီး တရားအားထုတ်ဖို့နေရာလေးအဖြစ်ရည်ရွယ်ထားခဲ့တာပါ။
ဒါကြောင့် ကျွန်တော်က တန်ဖိုးရှိရှိ မရှိရှိဘယ်အပင်မှမခုတ်လှဲစေခဲ့ပါဘူး။
ဒါပေမယ့် လူကြီးသူမတွေအားလုံးက ဒီရေတွင်းသမိုင်းလေးကိုရှင်းပြပါတယ်။

ပထမတုန်းက ဒီရွာမှာ ဒီလိုမျိုးရေတွင်းကြီးကိုးတွင်းရှိကြောင်း၊ တန်ဖိုးမသိတဲ့သူတွေကအမှိုက်တွေဖို့၊ရေတွင်းထဲကအုတ်တွေကိုခွာထုတ်ပြီးဘုန်းကြီးကျောင်းမှာအဆောက်အဦးဆောက်ဖို့လှူပစ်ခဲ့တာတွေကြောင့် ရေတွင်းတွေပျောက်ကွယ်ကုန်ကြောင်း၊ဒီရေတွင်းကလက်ရာအကောင်းဆုံးနဲ့ရေအထွက်ဆုံးတွင်းဖြစ်တာကြောင့်အားထားခဲ့ရကြောင်း၊ နှစ်တွေကြာလာသည်နှင့်အမျှဒီကုက္ကိုလ်ပင်ကြီးနဲ့ နဘဲပင်ကြီးကတစစကြီးလာပြီးနေရာယူလာတာကြောင့်ရေတွင်းနံရံတွေအက်ကွဲပြိုကျပြီး ရေမထွက်တော့တာကြောင့်အသုံးမပြုကြတော့ဘဲတိမ်ကောသွားကြောင်းပြောပြကြပါတယ်။
အခုလည်း ကျွန်တော့်အနေနဲ့ အပင်ကြီးတွေကိုနှမြောပြီးမခုတ်ပစ်ဘဲထားမယ်ဆိုရင်အပင်ကြီးတွေက လှလှပပစီထားတဲ့အုတ်တွေကိုတွန်းဖယ်ပစ်ပြီးနေရာယူလာပြီမို့ရေတွင်းပုံစံပျောက်ကွယ်ပြီးပြိုကျသွားနိုင်ကြောင်း၊ ရှေးမူမပျက်ထိန်းသိမ်းထားချင်တယ်ဆိုရင်အပင်ကိုစနစ်တကျလှဲ၊အမြစ်တွေကိုသေချာတူးဖော်မှသာရေတွင်းအလှမပျက်စီးမှာဖြစ်ကြောင်းရှင်းပြကြပါတယ်။
ဒါနဲ့ကျွန်တော်လည်းရှေးဟောင်းရေတွင်းကြီးကိုအပင်ကြီးတွေကနေရာယူလို့ပြိုကျပျက်စီးသွားတာခံမလား၊ နောင်နှစ်ပေါင်းများစွာခံအောင်ပြုပြင်မွမ်းမံပြီးမတိမ်ကော မပျောက်ကွယ်အောင်စီမံမလားဆိုတာသေချာစဥ်းစားဆုံးဖြတ်ရပါတော့တယ်။
အပင်ကြီးတွေကိုနှမြောပြီးဒီတိုင်းထားမယ်ဆိုရင်နောင်ဆယ်နှစ်လောက်ဘဲခံမယ်။

စနစ်တကျရှေးမူလက်ရာမပျက်စီးစေဘဲပြုပြင်မွမ်းမံမယ်ဆိုရင်နောင်နှစ်ပေါင်းများစွာ ရှေးမူလက်ရာတွေကို နောင်လာနောက်သားတွေဆက်ပြီးတွေ့မြင်ခွင့်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ရေတွင်းကြီးကစောင့်အရှောက်တွေကိုပွဲပေးတိုင်တည်၊အပင်ကြီးတွေကိုလှဲပြီးအမြစ်ကြီးတွေကို စနစ်တကျတူးဖော်ရပါတော့တယ်။
အပင်ကြီးတွေကိုခုတ်ပြီးအမြစ်ကိုတူးဖော်ချိန်မှာ လူကြီးတွေပြောတဲ့အတိုင်းအမြစ်ကြီးတွေက ရေတွင်းအုတ်တွေကိုတွန်းထုတ်နေရာယူနေတာကြောင့် တခြမ်းစောင်းပြီးအပေါ်ပိုင်းကတောင်ပြိုကျနေပါပြီ။
အဲ့ဒီတော့မှလူကြီးတွေပြောတာမှန်ကြောင်းသိရပါတော့တယ်။
ဒီအပင်ကြီးတွေကိုကျွန်တော်တန်ဖိုးထားပြီးမခုတ်ပစ်ခဲ့ရင် နောင်ဆယ်နှစ်လောက်ဆိုဒီရှေးဟောင်းရေတွင်းကြီးလည်းပြိုကျပြီးပျောက်ကွယ်သွားတော့မှာပါ။
အခုတောင် ဒီရေတွင်းကြီးကိုစဆည်တော့ အုတ်ကျိုးတွေ၊အမှိုက်တွေ၊ပုလင်းကွဲတွေ၊ ဘီယာပုလင်း၊ အရက်ပုလင်းခွံတွေ၊ ပုပ်ပွနေတဲ့အကောင်တွေနဲ့ နံဟောင်နေတဲ့ရွှံ့ပုတ်တွေအများကြီးဆယ်ယူပစ်ရပါတယ်။
ဒါတွေကိုဆယ်ပစ်ဖို့တလလောက်အချိန်ပေးရပါတယ်။ဒါတောင်အောက်ခြေထိမရောက်သေးပါဘူး၊ထပ်ဆယ်ရဦးမှာပါ။

ပြီးတော့ အုတ်တချပ်ချင်းစီကို စိတ်ရှည်လက်ရှည် ဘရပ် (ရှ်)အနုလေးနဲ့တိုက်လိုက်၊ရေညှိထူနဲ့နေရာတွေဆိုကြေး ဘရပ်(ရှ်)လေးနဲ့တိုက်လိုက်နဲ့မို့အရောင်တွေပြန်ထွက်လာတာပါ။
ရေတွင်းရဲ့အလှက အတွင်းပိုင်ရောက်လေလေပိုလှလေလေပါ။
ရေတွင်းကိုဆင်းဆယ်တော့ အောက်ထဲမှာ ပြိုကျထားတဲ့ရေတွင်းနံရံအပိုင်းတွေအများကြီးတွေ့ရတယ်၊ ဒါတွေကိုခဲရာခဲဆစ်အပေါ်တင်ရပါတယ်။
ရေတွင်းအုတ်တွေကိုစစ်ဆေးကြည့်တဲ့အခါ မြေကြီးအပေါ်ဖက်ရေတွင်းဘောင်တွေကိုကိုလိုနီလက်ထက်မှာပြန်လည်ပြုပြင်ထားခဲ့တဲ့ သက်သေအဖြစ် T တံဆိပ်ပါကိုလိုနီခေတ်အုတ်တွေကိုတွေ့ရပါတယ်။
ရေတွင်းကြီးတခုလုံးအတွက်အသုံးပြုထားတဲ့အုတ်တွေကတော့ ရှေးဟောင်းလက်ရာတွေပါ။
ပျူခေတ်ဂဝံမြို့ဟောင်းဆရာတော်က ဘုန်းဘုန်းဆီမှာလည်းဒီလိုရေတွင်းတွေရှိတာမို့ဒကာကြီးရေတွင်းက ပျူခေတ်ကလက်ရာတွေဖြစ်နိုင်ကြောင်း၊ပျူခေတ်ဆိုရင်နှစ်ပေါင်း ၂၃၀၀ ကျော်လောက်ပြီခန့်မှန်းရကြောင်းမိန့်ပါတယ်။
ဇေကမ္ဘာရှေးဟောင်းသမိုင်းပြတိုက်ရဲ့သမိုင်းသုတေသီအကိုကြီးကလည်း ရေတွင်းကိုလာရောက်လေ့လာပြီး၊ သူ့အနေနဲ့ရေတွင်းပေါင်းများစွာတွေ့ဖူးကြောင်း၊ ဒါပေမယ့်ညီလေးရေတွင်းကပိုနန်းဆန်ပြီးလှပသေသပ်ကြောင်းပြောပြီး အုတ်တွေကိုသူ့မှာပါလာတဲ့ကိရိယာလေးနဲ့ စနစ်တကျတိုင်းတာကြည့်တော့AD 13/ 14 ဘုရာမကြီးရှင်စောပုလက်ထက် မင်းညီမင်းသားတွေ၊မင်းဆရာတွေနဲ့နန်းတွင်းသူနန်းတွင်းသားတွေနန်းတွင်းအရေးအခင်းကြောင့်ရှောင်တိမ်းရင်းအသုံးပြုဖို့တူးခဲ့တာဖြစ်နိုင်ကြောင်း၊ ခေါင်းဆေးမင်္ဂလာပါပြုလို့ရအောင်စီမံတည်ဆောက်ခဲ့တဲ့လက်ရာအဖြစ်ခန့်မှန်းရကြောင်းရှင်းပြပါတယ်။

သမိုင်းကြောင်းစာအုပ်တွေကိုကျွန်တော် လက်လှမ်းမှီသလောက်လေ့လာကြည့်တော့မိုးညှင်းမင်းတရားကြီးမှာ မိဖုရားများစွာရှိခဲ့တယ်၊
ဘုရင်မကြီးရှင်စောပုကလည်းတပါးအပါအဝင်ဖြစ်ခဲ့ပါတယ်၊
မင်းကြီးကမိဖုရားရှင်စောပုကိုသာအလေးပေးပြီးချစ်တာကြောင့် ကျန်တဲ့မိဖုရားတွေကမနာလိုဖြစ်ပြီး မင်းကြီးအထင်လွှဲအောင်ဂုံးချောစကားဆိုကြပါသတဲ့…
ဒါကြောင့် မင်းကြီးက မိဘုရားရှင်စောပုကိုခပ်ခွာခွာရှောင်ဖယ် ရှောင်ဖယ် ဖြစ်လာတာကြောင့် မိဖုရားရှင်စောပုက အင်းဝပြည်မှာနေရတာမပျော်ပိုက်တော့ဘူး။
သူ့နေရပ်ဟံသာဝတီကိုပြန်မယ်ဆိုတော့လည်း မင်းကြီးက ပြန်မလွှတ်ပြန်ဘူး။
ဒါနဲ့ မိဘုရားကြီးရှင်စောပုက သူရဟန်းပြုပေးထားတဲ့ ဓမ္မစေတီမင်းနဲ့ဓမ္မပါလမင်းဖြစ်လာမယ့်ရဟန်းနှစ်ပါးနဲ့တိုင်ပင်ပြီး ချိပ်ရည်နဲ့ ဖော်စပ်ထားတဲ့ဆေးကို သောက်ပြီး သွေးဝမ်းရောဂါဖြစ်ဟန်ဆောင်ပါတော့တယ်။
အနီအဝါ သွေးဝမ်းပုံစံ ကျလာတာကိုတွေ့တဲ့အထိန်းတော်များဟာစိုးရိမ်စိတ်များစွာနဲ့ မင်းကြီးကို သံတော်ဦးတင်ကြပြီး ရောဂါကူးစက်မှာ စိုးလို့ပါဆိုပြီး မိဖုရား ရှင်စောပုအခန်းထဲကိုဘယ်နန်းတွင်းသူမှ မဝင်ရဲကြတော့ဘဲ ရှောင်ရှားနေကြပါသတဲ့။
ဒီတော့မှမိဖုရားရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသည့်အတွက် ကံမကုန်မီ သူရဟန်းပြုပေးထားတဲ့ပိဋကဓရနှင့် ဓမ္မဉာဏ ရဟန်းနှစ်ပါးရဲ့ တရားတော်တို့ကို နာကြားလိုပါသည်ဟု လျှောက်ခဲ့ပါသတဲ့။
မင်းကြီးလည်း ယုံကြည်ပြီး ရဟန်းနှစ်ပါးအား အချိန်မရွေးဝင် ထွက်ခွင့်ပေးလိုက်ပါတယ်။

အချိန်းအချက် ပြုထားသည့်နေ့မှာပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြပြီး ထိုညဉ့်သန်းခေါင်ယံအချိန်မှာဘဲ အဝတ်အစား သေတ္တာကြီးတလုံးအတွင်းကိုမိဖုရားရှင်စောပုအား ဝင်စေပြီး အဝတ်အထည်တွေနဲ့ဖုံးကာရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်လာခဲ့ပါသတဲ့။
နန်းတော်တံခါးစောင့်တွေမေးတော့မိဖုရားကြီး ရှင်စောပု လှူလိုက်တဲ့ ပစ္စည်းတွေပါလို့ပြောလိုက်တော့ မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်ပေးခဲ့ကြပါတယ်။
ဒီတော့မှမြို့အနောက် လုံးတော်ပေါက်မှ ထွက်ပြီး ကြိုတင်စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့က မိဖုရား ရှင်စောပုကို လှေပေါ်တင်ပြီးတော့ ဟံသာဝတီသို့ ဧရာဝတီမြစ်ရိုးအတိုင်းစုန်ဆင်းပြီးတိတ်တဆိတ်ပြေးခဲ့ပါတော့တယ်။
မိုးညှင်းမင်းတရားကြီးသိတော့လှေငါးစီးနဲ့လိုက်လံရှာဖွေပေမယ့်မရှာဖွေနိုင်ခဲ့ပါဘူး။
ဒီလိုနဲ့မိဖုရားကြီးနဲ့လက်အောက်ငယ်သားတွေဟာ ဧရာဝတီမြစ်ရိုးတလျှောက် မထင်မရှားရွာလေးတွေမှာ တိမ်းရှောင်ခိုနားရင်း
ရေတွင်း၊ရေကန်တွေတူး၊ဘုရားတွေတည်ခဲ့ကြပါတယ်။
ဟံသာဝတီမှာအချင်းချင်းတွေမညီညွှတ်ကြတုန်းကလည်း အင်းဝဘုရာဆင်ဖြူရှင်သီဟသူကအခွင့်ကောင်းယူပြီးဟံသာဝတီကိုစုန်ဆင်းတိုက်ခိုက်တဲ့အချိန် အင်းဝတပ်တွေဟာ ပုသိမ်နဲ့ဒလ(ယခုတွံတေး)ကိုသိမ်းနိုင်ခဲ့ပြီးဒဂုန်ကိုသိမ်းပိုက်ဖို့ဧရာဝတီမြစ်ရိုးတလျှောက်ရွာလေးတွေမှာအကြာကြီးစခန်းချခဲ့ကြရတယ်လို့လည်းမှတ်သားရပါတယ်။
ဒါကြောင့် ရွာခံတွေပြောကြတာ ရန်ကုန်ပုသိမ်ကားလမ်းမကြီးဖောက်တော့ အခုလိုရေတွင်းတွေ ဟိုတစု ဒီတစုတွေ့ခဲ့ကြပြီး ဘက်ဖိုးတွေနဲ့ထိုးလှန်မြေဖို့တဲ့အထဲပါသွားခဲ့တာတွေလည်းအများဘဲလို့ပြောပြကြတယ်။
ကျွန်တော်ဘုရားတည်တဲ့ဧရာဝတီတိုင်းအင်းမရွာလေးမှာလည်း နန်းတွင်းအဆက်တွေနေခဲ့တယ်တဲ့အထောက်အထားလေးတွေ တွေ့ရပါတယ်၊
ဒီရေတွင်းကြီးနဲ့မနီးမဝေးမှာ နန်းတွင်းပန်းတိမ်ဆရာတွေနေခဲ့ကြပါသတဲ့…
တနေ့မှာ ခြေထောက်ပြတ်နေတဲ့သူတဦးရောက်လာပြီးရွာခံလူကြီးတွေကို ဒီရွာလေးမှာနန်းတွင်းအဆက်သူ့ရဲ့ဆွေမျိုးတော်တွေနေခဲ့ကြတယ်၊
တဖွဲ့ကပြည်ဘက်ကိုတိမ်းရှောင်ခဲ့တာဖြစ်ပြီး၊တဖွဲ့ကဧရာဝတီမြစ်ရိုးတလျှောက်စုန်ဆင်းပြီးမထင်မရှားရွာလေးတွေမှာခိုအောင်းနေခဲ့ကြတာမို့အခုသူ့ဆွေမျိုးတော်နန်းတွင်းပန်းတိမ်ဆရာတွေနေခဲ့တဲ့နေရာလေးမှာ လက်ဝတ်ရတနာတွေမြုတ်နှံထားခဲ့ကြောင်း၊ဒါကြောင့်သိုက်ပွဲပေးတူးဖော်ပြီးရတနာတွေရရင် သူကတစုဘဲယူပြီးကျေးရွာကိုနှစ်စုပေးပါ့မယ့်အကြောင်းကတိခံပြီး နေရာအနှံ့တူးဆွပါတော့သတဲ့။
အဲ့ဒီအချိန်မှာ လေပြင်းတွေတိုက်ခတ်လာပြီး အမျိုးသမီးကြီးတဦးရဲ့ ဟား…ဟား…ဟား…ဟား…မင်းတို့ကအဲ့ဒီနေရာမှာတူးရင်ငါကအခြားတနေရာရွေ့ပစ်မယ်ဟေ့ဆိုတဲ့အသံနက်ကြီးနဲ့အတူ ဆူဆူဖြိုးဖြိုးဝက်ကြီးသုံးကောင်ပေါ်လာပြီး သိုက်ပွဲကအုန်းသီး၊ငှက်ပျော်သီးတွေကို
သူတို့ပါးစပ်တွေနဲ့ထိုးလှန်ကိုက်ဖဲ့ပြီးစည်းပေါက်အောင်လုပ်ပစ်ကြပါတော့သတဲ့။
ဒါကိုလူပျိူပေါက်အရွယ်ရွာလူကြီးနှစ်ယောက်သာမြင်ရပြီးသိုက်တူးသူများကမမြင်တာမို့ အဆူအဆဲခံခဲ့ရပါသေးတယ်လို့ပြောပြခဲ့ပါတယ်။
နှစ်ကြိမ် သုံးကြိမ် လာတူးပေမယ့်မအောင်မြင်ဘဲပြန်ပြန်ပြေးကြရပါသတဲ့။
နောက်ဆုံးတော့ လက်ရှော့သွားပုံရပြီးပေါ်မလာတော့ဘူးပြောပါတယ်။
ဒါပေမယ့် ပန်းတိမ်သမား မှိုက်ဆရာလေးတွေကရွှေကျင်ပါရစေခွင့်တောင်းတော့ခွင့်ပြုပေးလိုက်တာ ရွှေတို ရွှေစလေးတွေကို
မှိုက်ဆရာ သုံးလေးဖွဲ့ရသွားခဲ့ကြပါသတဲ့။
ဒီနေရာလေးက ကျွန်တော်အခုမူးယစ်ဆေးနဲ့အရက်ဖြတ်ပေးနေတဲ့အင်းမနတ်ချောင်းဘေးမှာတည်ရှိပြီးမြေဧကအတော်လေးကျယ်ပါတယ်။
ကျွန်တော့်ရေတွင်းလိုရေတွင်းကြီးတတွင်းနဲ့ရေတွင်းသေးသေးလေးတွေပါရှိခဲ့ပေမယ့် အင်းမနတ်ချောင်းကို အင်းလေလံဆွဲသူတွေက ချောင်းကောသွားမှာစိုးတာကြောင့်ဘက်ဖိုးတွေနဲ့ချောင်းကိုထိုးကော်ပြီးတူးဖော်ချိန်မြေဖို့မိတဲ့အထဲပါသွားပြီမို့ ကျွန်တော်သွားရှာတော့ မတွေ့ရတော့ပါဘူး။
ခြံပိုင်ရှင်ဖြစ်သူက ဒီနေရာလေးမှာလည်း ဘုရားတည်ပေးမယ်ဆိုရင်လှူရောင်းလေးရောင်းပေးမယ်ပြောပေမယ့် ကျွန်တော်မဝယ်နိုင်တာမို့ ဝမ်းနည်းစွာငြင်းပယ်ခဲ့ရပါတယ်။
ကျွန်တော့်ရေတွင်းရဲ့အဓိကအကျဆုံးလက်ရာက ရေတွင်းထဲမှာရှိတာမို့ ရှေးမူလက်ရာလုံးဝမပျက်စေဘဲ ကျွန်တော်ကိုယ်တိုင်းတွင်းထဲဆင်းပြီးဆယ်ယူပြင်ဆင်ခဲ့ပါတယ်။
ဒီရေတွင်းရဲ့ထူးခြားချက်က ကျွန်တော့်အမျိုးသမီးနဲ့သူ့အဖွားတို့ဟာ ဝတ်ဖြူစင်ကြယ်မုတ်ဆိတ်မွေးအဖြူနဲ့အဘိုးကြီးတယောက်တောင်ဝှေးလေးထောက်ပြီးဒီရေတွင်းကုန်းကနေလှမ်းပြီးပြုံးပြနေတာ နှစ်ကြိမ်တိုင်မြင်ရကြောင်းပြောပြခဲ့ပါတယ်။
လမ်းခင်းတဲ့အဖွဲ့တွေအဲ့ဒီရေတွင်းကုန်းဓမ္မာရုံလေးမှာညအိပ်ရင်းပေါက်ကရပြောဆိုမိလို့ ခြေထောက်ကနေဆွဲချခံရတာတွေ၊ကြေးစီကြီးတဝီဝီသူ့အလိုလိုထလည်ပြီးအသံပေါင်းစုံကြားရတာတွေဖြစ်လို့ညတွင်းချင်း ပြောင်းပြေးကြရပါတယ်။
ဒါပေမယ့် ကျွန်တော့်ကိုတော့ဘာမှထူးထူးဆန်းဆန်းမပြခဲ့ပါဘူး။
ဘုရားတည်ဖို့မြေလေးတောင် ပိုက်ဆံမရှိလို့မဝယ်နိုင်တာမို့ လယ်ပိုင်ရှင်ကိုကျွန်တော်ဘုရားတည်ဖို့ ဒီရေတွင်းကုန်းဆေးရိုးတောအုပ်လေးမှာအဓိဌာန်ဝင်ချင်ကြောင်းခွင့်တောင်းပြီးပုတီးစိတ်အဓိဌာန်ဝင်ခဲ့ပါတယ်။
မနက်သုံးနာရီထ ကိုယ်လက်သန့်စင်အပေါ့အပါးသွားပြီးတာနဲ့ သရဏဂုံသုံးပါရွတ်ပြီးမျက်နှာသစ်ပါတယ်။
ဂုဏ်တော်ကိုးပါးရွတ်ပြီးတရော်ကင်ပွန်းနဲ့နေ့စဥ်ခေါင်းလျှော်ပါတယ်။
ပြီးတော့မှ ယောပုဆိုးအညိုရောင်လေးနဲ့ဖြူစင်တဲ့လည်ထောင်အင်္ကျီလေးကိုဝတ်ပြီးမနက်လေးနာရီကစလို့ ညောင်ပင်စောင့် ရုက္ခစိုးနတ်မင်းကြီးနဲ့အတူဓမ္မာရုံစောင့်နတ်မင်း၊ရေးတွင်းစောင့်ဘိုးဘိုးကြီးနဲ့ကွင်းပိုင်ဘိုးဘိုးကြီးတို့အားဆီမီးဖယောင်းတိုင်ထွန်း၊အမွှေးနံ့သာပက်ဖြန်း၊အမွှေးတိုင်ထွန်းကာ ဘုရားအမြန်တည်နိုင်ဖို့ ဒီရေတွင်းလေးကိုဆည်ပြီးဘုရားတည်ရာမှာအသုံးပြုနိုင်ဖို့အတွက်အကူညီတွေပေးဖို့
တိုင်တည်သစ္စာဆိုပြီးအဓိဌန်ပုတီးစိပ်ခဲ့ပါတယ်။
မနက်သုံးနာရီတိုင်းထပြီးအုံ့အုံ့ဆိုင်းဆိုင်းမှောင်မှောင်မဲမဲတောအုပ်လေးမှာ တယောက်တည်းပုတီးလာစိပ်တယ်ဆိုပေမယ့်ကြောက်လန့်စရာဘာတခုမှမကြုံခဲ့ရပါဘူး။
ခြေသလုံးလောက်ရှိတဲ့စပါးအုံးမြွေကြီးကိုရေတွင်းကုန်းနားဖမ်းမိပြီးကျွန်တော့်ကိုလာလှူကြတော့ခြင်းကြီးနဲ့အုပ်ထားတာ တခြားလူတွေကိုဆိုဒေါသတကြီးနှာတွေမှုတ်ပြီးတရှူးရှူးရန်ရှာနေပါတယ်၊
ကျွန်တော့်ကိုကျသာသနာအတူပြုကြမယ်နော်၊အသက်အန္တရာယ်ဘာမှမဖြစ်စေရဘူး၊အနှောက်အယှက်လည်းမပေးနဲ့နော်လို့ပြောတော့ငြိမ်ပြီးနားထောင်နေသလိုပါဘဲ။
နောက်နေ့သူ့ကိုပဲခူးရိုးမတောထဲသွားလွှတ်ပေးမယ်ဆိုပြီးသွားကြည့်တော့မရှိတော့ဘူး၊
ပြန်လွှတ်သွားပေမယ့်သူ့ကိုလည်းထပ်မတွေ့ရတော့ပါဘူး။
ထူးခြားတာဆိုလို့ ရေတွင်းဟောင်းမှာအမွေးတိုင်ဖယောင်းတိုင်ထွန်း၊ရေတွင်းစောင့်ဘိုးဘိုးကြီးကိုစိတ်မှာရည်ရွယ်ပြီးဘုရားတည်ရာမှာအကူအညီပေးဖို့တိုင်တည်သစ္စာဆိုတိုင်းမှာ အိမ်မြောင်စုတ်ထိုးတာလေးတခုဘဲ အမြဲကြားရတာပါ…
ရေးတွင်းနှုတ်ခမ်းမှာပွဲပေးထားတဲ့ငှက်ပျောသီးတွေကိုရှဥ့်လေးနှစ်ကောင်သူတို့သဘာဝအတိုင်းကျွန်တော့်ကိုမကြောက်မရွံ့လာစားကြပါတယ်။
နေ့စဥ်ပျက်ရက်မရှိအောင်သတိထားပြီးရေတွင်းကြီးဘေးမှာထိုင်ပြီးပုတီးစိပ်ပါတယ်။
ခြင်တအားကိုက်တဲ့ရက်တွေမှာရေတွင်းကြီးကိုလက်ဝဲရစ်ရစ်ပြီးမန္တာန်ရွတ်ပုတီးစိပ်ပါတယ်။
ဘုရားတည်ဖို့ပွဲပေးထားတဲ့လယ်အစပ်ကလေးမှာလည်းပုတီးထိုင်စိပ်ပါတယ်။
စတင်ထူးခြားလာခဲ့ပါပြီ…
အဓိဌာန်ကိုးရက်ပြည့်တာနဲ့ ငွေမရှိတဲ့အနေအထားကနေဘုရားတည်မယ့်မြေနေရာဝယ်ဖို့သိန်းလေးရာကနေငါးရာပြည့်လာပါတယ်။
အဓိဌာန်ဆယ့်ရှစ်ရက်ပြည့်တဲ့နေ့မှာ သိန်းငါးဆယ်၊သိန်းတရာလှူပေးတဲ့အလှူရှင်တွေပေါ်လာရုံမကစိန်ဖူးတော်နဲ့ထီးတော်
အလှူရှင်ပေါ်လာပါတယ်။
နောက်ထပ်အောင်မောင်းတော်အလှူရှင်ပေါ်လာပါတယ်။
အဓိဌာန် ၂၇ ရက်ပြည့်တဲ့နေ့မှာ စုစုပေါင်းသိန်းပေါင်းသုံးထောင်ကုန်ကျမည့် သိန်း၅၀၀ တန်ဖိုးရှိတဲ့ခေါင်းလောင်းတော်၊ခေါင်းလောင်းအဆောက်အဦး၊ဘုရားဖူးလမ်း၊ဘုရားရင်ပြင်တော်တို့ကိုလှူပေးမယ့်
တဦးတည်းအလှူရှင်ပေါ်လာပါတော့တယ်။
နောက်ပိုင်းဘုရားမှလိုအပ်တာမှန်သမျှအလှူရှင်တွေတဦးပြီးတဦးပေါ်လာပြီး ထိုင်းထီ၊စင်္ကပူထီဆုအသေးလေးတွေလည်းအကြိမ်ကြိမ်ပေါက်လာခြင်းပါ။
နေရာမှန်ရမယ်၊အချိန်မှန်ရမယ်၊ဆုတောင်းမှန်ရမယ်ဆိုတဲ့အချက်တွေကိုအလေးအနက်ထားပြီးအဓိဌာန်ကိုတိတိကျကျမပျက်မကွက်ဝင်လိုက်တဲ့အချိန်မှာ ရက်ပေါင်း ၁၀၀ ပြည့်တာနဲ့ စေတီတော်တခုလုံးပြီးစီးအောင်တည်နိုင်ခဲ့ပါပြီ။
ဒီလိုအမြန်ပြီးစီးအောင်တည်နိုင်ခဲ့တာဟာလည်း ဒီရှေးဟောင်းရေတွင်းကြီးကထွက်တဲ့ရေတွေကအထောက်အကူများစွာဖြစ်ခဲ့ပါတယ်။
ရေတွင်းကြီးဘေးမှာပုတီးစိတ်နေတဲ့ပုံက ဒီရေတွင်းကြီးဘေးမှာ ဒီလိုလေးထိုင်ပြီးပုတီးစိပ်အဓိဌာန်ဝင်ခဲ့တယ်ဆိုတဲ့အမှတ်တရအဖြစ်သမိုင်းကျန်အောင်မှတ်တမ်းယူထားခြင်းပါ။
မိတ်ဆွေတို့ထင်သလိုလုပ်စားဖို့၊အလှူခံစားဖို့မဟုတ်ပါဘူး။
ကျွန်တော်က မူးယစ်ဆေးနဲ့အရက်ကြောင်ပြီး မိခင်အရင်းကိုတောင်ထိုးကျိတ်ရိုက်နှက်ဆဲဆို လမ်းမှားရောက်နေတဲ့လူငယ်တွေကို လမ်းမှန်ရောက်ပြီး မိဘကျေးဇူးသိတတ်တဲ့သားအလိမ္မာလေးတွေဖြစ်အောင်ပြုစုပျိုးထောင်ကုသပေးနေတဲ့ဆရာတယောက်ဖြစ်သလို၊ သားဆိုးတွေကြောင့် နေ့စဥ်နဲ့အမျှမျက်ရည်ကျနေရတဲ့ မိခင်တွေကိုကူညီပေးနေတဲ့ အမေအားလုံးရဲ့သားတယောက်ဖြစ်တဲ့သာမညလူသားလေးတဦးလည်းဖြစ်ပါတယ်…
ဒီရှေးဟောင်းရေတွင်းကြီးကိုပြစားပြီးအလှူခံဖို့အတွက်ခေါင်းဆေးမင်္ဂလာရေတွင်းတော်အဖြစ်ဖန်တီးနေခြင်းမဟုတ်ပါဘူး။
ကျွန်တော်ရက်ပေါင်း ၁၀၀ နဲ့အဓိဌာန်အောင်ခဲ့တဲ့နည်းစနစ်အတိုင်း ဒီရေတွင်းတော်ကရတဲ့ရေကြည်နဲ့သောက်တော်ရေကပ်ခိုင်းပါမယ်၊မျက်နှာသစ်ခိုင်းပါမယ်။
အစီအရင်တွေနဲ့ရေချိုးသန့်စင်၊တရော်ကင်ပွန်းနဲ့ခေါင်းလျှော်စေပြီးဝဋ်ကြွေးတွေကျေစေဖို့၊ကံဆိုးကံညံ့တွေပျောက်စေဖို့
ဒုက္ခဆင်းရဲကြုံနေသူတိုင်းကို ကျွန်တော်ဘယ်လိုဂါထာမန္တာန်တွေရွတ်ပြီးရက်ပေါင်း ၁၀၀ တည်းနဲ့ဘုရားတည်နိုင်ခဲ့တယ်၊
ဘယ်လိုအဓိဌာန်တွေအောင်ခဲ့တယ်ဆိုတာအသေးစိတ်လမ်းညွှန်ပေးပြီးအဓိဌာန်တွေဝင်ခိုင်းမှာဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင် အဓိဌာန်တွေအောင်ပြီး ဆုတောင်းတွေ ရက်ပေါင်း ၁၀၀ တည်းနဲ့ပြည့်ခဲ့တာမို့ စေတီတော်မြတ်ရဲ့ဘွဲ့တော်ကို လည်းအဓိဌာန်အောင် ဆုတောင်းပြည့် ဝဋ်ကြွေးကျေစေတီတော်မြတ်ဆိုပြီးကိုယ်တိုင်အမည်ပေးခဲ့တာပါ။
ကျွန်တော်ကဘုရားတည်ဖို့မြေပိုင်တောင်မရှိတဲ့အခြေနေကနေ သိန်းပေါင်းလေးထောင်ကျော်ကုန်ကျပြီဖြစ်တဲ့စေတီတော်မြတ်ကိုတည်နိုင်ခဲ့ပါပြီ။
မူးယစ်ဆေးနဲ့အရက်စွဲနေတဲ့ အနယ်နယ်အရပ်ရပ်ကလူငယ်တွေကို မူးယစ်ဆေးနဲ့အရက်ဖြတ်ပေးပြီးအမေများစွာတို့ရဲ့မျက်ရည်တွေကိုကူသုတ်ပေးနိုင်နေပါပြီ။
မိသားစုတွေရဲ့အပူမီးကိုငြိမ်းအေးအောင်စွမ်းဆောင်ပေးဖို့အတွက် ဒီရေတွင်းကိုပြုပြင်မွမ်းမံနေခြင်းပါ။
ရေတွင်းကိုပြစားပြီးအလှူခံစားဖို့စိတ်ကူးတစက်လေးတောင်မရှိခဲ့ပါဘူး။
အလှူငွေတွေလည်းလက်မခံပါရစေနဲ့တော့ခင်ဗျာ၊
အလှူခံရတယ်ဆိုတာဟာလည်း ရေတွင်းအဆောက်အဦးလေးအမြန်ပြီးစီးဖို့နဲ့ ခုနှစ်သားသမီးတွေကိုလည်းကုသိုလ်ရစေချင်တဲ့စိတ်နဲ့ပါ။
အလှူရှင်ပေါ်ပြီးမြန်မြန်ပြီးသွားတော့လည်းဒုက္ခဆင်းရဲကြုံနေရတဲ့သူတွေကိုမြန်မြန်ကူညီနိုင်မှာမို့ပါ။
အခုတော့အထင်လွှဲခံနေရလို့အလှူငွေတွေလည်းလက်မခံပါရစေနဲ့တော့ခင်ဗျာ၊
တဖြည်းဖြည်းချင်းပြီးစီးအောင်ဘဲကျွန်တော်ကြိုးစားပါတော့မယ်။
အလှူရှင်တွေကလည်းအပြောခံနေရတာတွေကိုမြင်ပြီး ရှက်လွန်းတာမို့ဆုတောင်းတွေမတင်ပါနဲ့ဆရာရေတဲ့…
အလှူရှင်တွေကိုလည်းအတော်လေးအားနာမိပါတယ်…
ကျွန်တော့်ကြောင့်အလှူရှင်တွေရဲ့သဒ္ဒါစိတ်တွေပျောက်သွားတဲ့အတွက်အတော်လေးစိတ်မကောင်းဖြစ်ရပါတယ်။
မိတ်ဆွေတို့အထင်လွှဲနေသလို ရှေးဟောင်းအမွေအနှစ်လက်ရာတွေကိုဖျက်ဆီးနေသူလည်းမဟုတ်ရပါဘူးခင်ဗျာ။
သစ်ပင်အိုကြီးတွေနဲ့ရှေးဟောင်းသမိုင်းဝင်
ရေတွင်းဟောင်းကြီးဟာခန့်ညားတင့်တည်နေပေမယ့် ဆယ်နှစ်လောက်သာခံတော့မယ့်သမိုင်းဝင်အမွေအနှစ်တွေကိုအပင်ကြီးတွေရဲ့တွန်းထုတ်ဝါးမြိုပျောက်ကွယ်သွားမယ့်အခြေအနေကနေ နောင်နှစ်ပေါင်းများစွာတည်မြဲအောင်ပြုပြင်မွမ်းမံလိုက်ရခြင်းသာဖြစ်ပါတယ်ခင်ဗျာ…
အပြစ်ပြောကြသူများရဲ့စကားလုံးများ
ဟာလည်း စေတနာဒေါသအမှားနဲ့ အကြံပေးကြတဲ့စကားလုံးများအဖြစ်မှတ်ယူကျေးဇူးတင်အပ်ပါတယ်ခင်ဗျာ…
ကျွန်တော်ပြုနေတဲ့ကုသိုလ်များကို
အ ကုသိုလ်အဖြစ်မမြင်ဘဲ ကုသိုလ်စိတ်လေးနဲ့ကြည့်ပြီး ကုသိုလ်များသာ
ရကြပါစေသတည်း🙏🙏🙏
ဆရာဦးမင်းကို ( Founder)
နယ်လှည့်ကုသိုလ်ပြုနှလုံးလှဆရာဝန်များအဖွဲ့ကုသိုလ်ဖြစ်ဆေးခန်း၊
တောက်ပသောရွှေရောင်အနာဂတ်မူးယစ်ဆေးနဲ့အရက်ဖြတ်စခန်း၊
ပညာဒါနအသက်မွေးဝမ်းကြောင်းကျောင်း၊
ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်၊အင်းမကျေးရွာ။


Leave a Reply