သေဆုံးသူများ၏ မိသားစုဝင်များကို နစ်နာကြေးပေးရန်အပါ ဒေသခံများ၏ တောင်းဆိုချက်များ MNDAA အကြောင်းမပြန်သေး
MNDAA တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များကို နစ်နာကြေးပေးရန််အပါ မုံစီးဒေသခံများ၏ တောင်းဆိုချက်ကို MNDAAက ယနေ့ (မတ်လ ၇) ရက်အထိ အကြောင်းမပြန်သေးကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့နစ်နာကြေးပေးရန်၊ လက်နက်အားကိုး၍ ပြည်သူများအား ရမ်းကားအနိုင်မကျင့်ရန်နှင့် နမ်လိမ်းချောင်းရေထွက်ဦးနေရာ၌ ရွှေမတူးရန် မတ်လ ၆ ရက်တွင် မုံစီး ရပ်မိ၊ ရပ်ဖ များက MNDAA ရုံးသို့ စာပေးပို့တောင်းဆိုထားခြင်းဖြစ်သည်။
တောင်းဆိုချက်တွင် MNDAA တပ်ဖွဲ့ဝင်များကို ပြည်သူလူထုရှေ့မှောက်၌ အပြစ်ဝန်ခံခိုင်းရန်၊ ပြည်သူများအားသတ်ဖြတ်သည့် မည်သည့်အဖွဲ့အစည်းမဆို ကျေးရွာအတွင်းမထားရှိရန်၊ ပြည်သူများအားအသိပေးခြင်းမပြုဘဲ မည်သည့်ကိစ္စရပ်မျှမပြုလုပ်ရန် စသည့်အချက်များလည်းပါဝင်သည်။
” အဓိကကတော့ နမ့်လိမ်းချောင်းရေထွက်ဦးနားမှာ ရွှေတူးတာတွေကို ဘယ်တော့မှမလုပ်ဖို့၊ အဲ့ဒီနေ့ ပြည်သူတွေကိုသတ်ဖြတ်တဲ့ ကိုးကန့်တပ်ဖွဲ့ဝင်အကုန် ပြည်သူတွေရှေ့ခေါ်လာပြီး အပြစ်ဝန်ခံဖို့၊ သေဆုံးသွားသူတွေရယ် ဆေးကုသခံနေရသူတွေရယ်ကို နစ်နာကြေးပေးဖို့တောင်းဆိုထားတယ်” ဟု သေဆုံးသူမိသားစုများနှင့်နီးစပ်သည့် မုံးစီးဒေသခံက ပြောသည်။

မတ်လ ၄ ရက်တွင် MNDAA တပ်ဖွဲ့ဝင်များက မုံးစီးဒေသရှိ နမ်လိမ်းချောင်း ရေထွက်ဦးနေရာသို့ ရွှေတူးဖော်ရန် ဘက်ဖိုး(မြေသယ်)ကားများဖြင့် လာရောက်ကြရာ ဒေသခံများ၊ ရပ်မိရပ်ဖများက သွားရောက်တားမြစ်ခဲ့ကြခြင်းဖြစ်သည်။ ထိုစဥ်က ထိုးကြိတ်ခိုက်ရန်ဖြစ်ပွားမှုလည်းရှိခဲ့ပြီး MNDAA တပ်ဘက်မှ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။ သို့သော် မတ်လ ၅ ရက်နေ့တွင် ဘက်ဖိုး(မြေသယ်)ကားများနှင့်အတူ သေနတ်ကိုင်ဆောင်ထားသည့် MNDAA တပ်ဖွဲ့ဝင်များက ထပ်မံရောက်ရှိလာ၍ ရွှေတူးဖော်ပြန်ရာ နားလေးရွာ၊ မန်ဘုံရွာ၊ မုံးစီး၊ ဘန်ယန်းခါးရွာ နဲ့ ပင်းခန်ရွာဒေသခံများ သွားရောက်တားမြစ်ပြန်သည်။ ထိုစဥ် MNDAA တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ရာ ဘန့်ယန်းခါးရွာခံ အမျိုးသားခြောက်ဦးသေဆုံး၍ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
နမ်လိမ်းချောင်းရေထွက်ဦးနေရာ၌ ရေတူးဖော်ခြင်းသည် ဒေသခံများ၏ သောက်ရေ၊ သုံးရေကို ထိခိုက်စေနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ခြင်းတို့ကြောင့် ဒေသခံများက တားမြစ်နေကြခြင်းဟုသိရသည်။

MNDAA ပစ်ခတ်မှုကြောင့် သေဆုံးရသူများမှာ မုံးစီးဒေသ ဘန့်ယန်းခါးကျေးရွာသားများဖြစ်သော ရွာလူကြီး ဦးလရှီး အောင်ဆန်၊ ရွာလူကြီး ဦးလမုန်နော်ဂျာ၊ ဦးလဂွေတိန့်ချန်း၊ ဦးမရန်နော်ရာ၊ ဦးမရန်ဇော်ဒွဲ နှင့် ဦးလမုန်နောနော်တို့ဖြစ်သည်။
၎င်းတို့၏ နာရေးကို ယနေ့ (မတ်လ ၇ရက်) မွန်းလွဲ ၁ နာရီအချိန်ခန့်ကပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သေဆုံးသူမိသားစုများနှင့်နီးစပ်သည့် မုံးစီးဒေသခံက ပြောသည်။
ထိုသေဆုံးသူများအနက် ကချင်လွတ်လပ်ရေးအဖွဲ့( KIO ) ၏ ဝန်ထမ်းတဦးလည်းပါဝင်ပြီး ၎င်းသည် တာဝန်ချိန်ပြင်ပခွင့်ဖြင့် အိမ်ပြန်ချိန်တွင် ထိုကဲ့သို့ ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဟု KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ။
၂၀၂၄ ခုနှစ်တွင် မုံစီးဒေသကို MNDAA သိမ်းပိုက်ဝင်ရောက်လာသည့်အခါ အဆိုပါ ရေထွက်ဦးနေရာ၌ပင် ရွှေတူးဖော်မှုထပ်မံဖြစ်ပေါ်လာပြန်ကြောင်း မုံးစီးဒေသခံကပြောသည်။
“၂၀၂၄ မှာ သူတို့အဖွဲ့အစည်းကို ကျွန်တော်တို့ ရပ်မိ၊ ရပ်ဖတွေအကုန်ပေါင်းပြီးတော့မှ တားတဲ့အခါ တခါပြန်နားသွားတယ်အဲ့ဒီအချိန်။ ၂၀၂၅ ဖေဖော်ဝါရီ ၁၅ ရက်မှာ လာပြီးပြန်လာတူးတယ် ကိုးကန့် MNDAA။ အဲ့မှာ တားတော့ ပြန်သွားတယ်။ မတ်လ ၄ ရက်နေ့မှာ လာတယ်။ ဘက်ဖိုး(မြေတူးကားများ) တွေနဲ့လာတယ် ယန္တရားတွေနဲ့။ ရပ်မိရပ်ဖတွေသွားတားတော့ အဲ့ဒီနေ့မှာ သူတို့ကပြန်သွားတယ်။ နောက်တနေ့မနက်မှာ စစ်သားတွေနဲ့ဘက်ဖိုးတွေနဲ့ပြန်သွားတူးတယ်။ အဲ့ဒီမှာမရတော့ဘူး ” ဟု ဒေသခံကပြောသည်။

တောင်းဆိုစာကို MNDAA အပြင် မုံစီးဒေသရှိ KIO/ KIA ရုံးနှင့် TNLA ရုံးသို့လည်း ပေးပို့ထားကြောင်း သိရသည်။ လက်ရှိတွင် နစ်နာသူမိသားစုများနှင့် ဒေသခံများမှ တောင်းဆိုထားသည့်အချက်အလက်များနှင့်ပတ်သက်၍ KIO/KIA မုံးစီးဒေသ တာဝန်ရှိသူများက MNDAA တာဝန်ရှိသူများနှင့် ညှိနှိုင်းပြောဆိုမှုလုပ်ဆောင်ပေးနေခြင်းရှိကြောင်းလည်း သေဆုံးသူမိသားစုများနှင့်နီးစပ်သည့် မုံးစီးဒေသခံက ပြောသည်။
“အခုလိုမျိုး MNDAA စစ်သားတွေ အရပ်သားပြည်သူလူထုများကို မတရားသတ်ဖြတ်မှု၊ တရားဥပဒေမရှိ လက်လွတ်စပယ် သတ်ဖြတ်မှု အပေါ်မှာ ကျွန်တော်တို့အဖွဲ့အနေနဲ့ လုံးဝကန့်ကွက်ရှုတ်ချပါတယ်။ အခုလို မတရားသတ်ဖြတ်ခံရတဲ့မိသားစုတွေအတွက် အမှန်တရားရရှိဖို့ နဲ့ နစ်နာမှုအတွက်ပြန်လည်ရရှိဖို့လည်း အင်မတန်ကိုမှအရေးကြီးပါတယ်။ နောက်တခုကတော့ ပြည်သူလူထုကို မတရားသတ်ဖြတ်ခဲ့တဲ့ စစ်တပ်သားတွေကို တရားဥပဒေအရ အရေးယူပေးဖို့ကိုလည်း တောင်းဆိုချင်ပါတယ်” ဟု ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW ၏ ပြောခွင့်ရသူ Jacob ကပြောသည်။
“ကြားရသလောက်တော့ နယ်မြေအကြီးအကဲတွေ အချင်းချင်းညှိနေကြပါတယ်ခင်ဗျ” ဟု လားရှိုးမြို့ပြန်လည်ထူထောင်ရေးတွင် ပါဝင်နေသည့် MNDAA အဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါ နမ်လိမ်းချောင်း ရေထွက်ဦးနေရာတွင် လွန်ခဲ့သည့် ၁၉၉၈ ခုနှစ်ခန့်က KIO/KIA ၊ ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် ကချင်ကာကွယ်ရေးတပ်ဖွဲ့ KDAနှင့် ၂၀၂၃ ခုနှစ်တွင် KIA တို့က ရွှေတူးဖော်ရန် ကြိုးစားကြကြောင်း ဒေသခံများက ပြောသည်။ သို့သော် ဒေသခံများက ထိုတူးဖော်မှုတိုင်းအား တားမြစ်ကန့်ကွက်ခဲ့ကြောင်း သိရသည်။ ကွတ်ခိုင်မြို့နယ်အတွင်း၌ မြို့ပေါ်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ ထိန်းချုပ်ထားသည်။ မြို့နယ်အတွင်းပါရှိသည့် တာမိုးညဲမြို့နှင့်မုံးစီးဒေသတို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA က ထိန်းချုပ်လိုက်ပြီး နမ့်ဖက်ကာတိုက်နယ်ကို KIA ကထိန်းချုပ်ထားခြင်းဖြစ်သည်။

ပုံအညွှန်း – မတ်လ ၇ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် MNDAA ပစ်ခတ်မှုကြောင့်သေဆုံးသွားရသည့် ဘန့်ယန်းခါးရွာသားခြောက်ဦး၏ နာရေးအခမ်းအနားကိုပြုလုပ်ခဲ့သည်။ဓာတ်ပုံ – CJ


Leave a Reply