မန္တလေးနဲ့ ၈ မိုင်ခန့်သာဝေးတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စခန်း ၂ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကြိမ်တောရွာနဲ့ ကုန်းတန်းကြီးကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မတ္တရာမြို့နယ်(ပကဖ)က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၃ ရက်နေ့ မနက် ၃ နာရီခွဲအချိန်ခန့်က ကြိမ်တောရွာနဲ့ ကုန်းတန်းကြီးကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ပါ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲ စကတည်းက တော်လှန်ရေးတပ်ဘက်က စိုးမိုးပစ်ခတ်နိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၆ ဦး ပြည်သူ့နေအိမ်တွေကြား ထွက်ပြေးသွားခဲ့ပြီး ၆ ဦးထက်မနည်း မျက်မြင်သေဆုံးခဲ့ကာ နောက်တနေ့ကျမှ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ခြုံတွေအတွင်း ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း MA-11 သေနတ် ၁ လက်နဲ့ MA-2 သေနတ် ၁ လက်တို့အပြင် ဦးထုတ်၊ မှန်ဘီလူးနဲ့ အခြားခဲယမ်းတွေကို သိမ်းဆည်ရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး တပ်ခွဲ(၁)၊ (၂)၊ (၃)တို့က ထုတ်နှုတ်အင်အားတွေ နဲ့အတူ မန်းခရိုင်ပကဖမှ တပ်စိတ် ၁ စိတ်တို့က သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဆိုပါ အထိုင်စခန်း ၂ ခုအနီးမှာ လက်နက်ကြီးအထိုင်တွေရှိပြီး မန္တလေးမြို့နဲ့ ၈ မိုင်ခန့်သာ ကွာဝေးတယ်လို့လည်း သိရပါတယ်။


Leave a Reply