ချောင်းဦးမြို့နယ် ပလဖ က ဖမ်းဆီးထားတဲ့ ရွှေဒါးကျရွာ ဆရာတော် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ပျံလွန်
ထိန်းသိမ်းစစ်ဆေးသူတွေမှာ တာဝန်ရှိပြီး ကျန်ဖမ်းဆီးထားသူတွေကို ဥပဒေအတိုင်း ဆောင်ရွက်ဖို့ NUG – MOHAI ဝန်ကြီးပြော

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ဖမ်းဆီးထားတဲ့ ရွှေဒါးကျကျေးရွာ ဆရာတော်ဟာ ဩဂုတ် ၂၄ ရက် ညနေပိုင်းက ခန္ဓာကိုယ်အနှံ့မှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဩဂုတ် ၁၈ ရက် ညပိုင်းမှာ ချောင်းဦးမြိုနယ်မြောက်ခြမ်း မုံရွာမြို့နယ်အစပ်ရှိ ရွှေဒါးကျကျေးရွာက ဆရာတော် ဦးဣန္ဒာစာရ နဲ့ ဒေသခံ တစ်ဦးကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ကနဦး ဖမ်းဆီးခဲ့ပါတယ်။ စစ်ဆေးမေးမြန်းမှုတွေအရ စစ်အုပ်စုနဲ့ ပူးပေါင်းမှုမရှိတာကြောင့် ပြန်လွှတ်ပေးဖို့ လုပ်ဆောင်နေချိန်မှာ မြို့နယ် ပလဖ အဖွဲ့ဘက်က ဆက်လက်စစ်ဆေးဖို့ရှိတယ်လို့ဆိုကာ မြို့နယ် ပကဖ ဘက်ကို ဩဂုတ် ၂၁ ရက်မှာ ညှိနှိုင်းတောင်းဆိုလာခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။
အဲဒီလို ဆရာတော်ကို ဆက်လက်စစ်ဆေးဖို့ ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က တောင်းဆိုခဲ့တာကြောင့် ဩဂုတ် ၂၃ ရက်မှာ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ကနေ မြို့နယ် ပလဖ အဖွဲ့ထံ ကျန်းမာရေးကောင်းမွန်စွာနဲ့ လွှဲပြောင်းပေးခဲ့ပြီး နောက်တစ်ရက် ညနေပိုင်းမှာ ဆရာတော် ပျံလွန်တော်မူခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“ချောင်းဦးမြို့နယ် ပကဖ ကနေပြီး ဩဂုတ် ၁၈ ရက်ညမှာ ရွှေဒါးကျ ဆရာတော် ဦးဣန္ဒာစာရနဲ့ ဒေသခံ တစ်ဦးကို သတင်းအရ မသင်္ကာလို့ ခေါ်ယူစစ်ဆေးခဲ့တာရှိတယ်။ အဲဒီလို စစ်ဆေးတဲ့အခါမှာ ချောင်းဦးမြို့နယ် ပကဖ သတင်းရထားသလိုမျိုး ဆရာတော်ဟာ ရန်သူစစ်အုပ်စုနဲ့ ပူးပေါင်းဖို့ လုပ်နေတဲ့ဟာကို မတွေ့ရဘူး။ အဲဒီလို မတွေ့ရလို့ ပြန်လွှတ်မယ်လို့ ဆိုတဲ့အခြေအနေမှာ ချောင်းဦးမြို့နယ် ပလဖ တာဝန်ခံ ကနေ မြို့နယ် ပကဖ တာဝန်ခံဆီကို ဖုန်းနဲ့ဆက်သွယ်ပြီးတော့ သူတို့ စစ်စရာရှိပါသေးတယ်ဆိုပြီးတော့ လွှဲပြောင်းပေးဖို့ ညှိနှိုင်းတောင်းဆိုလာခဲ့တယ်။ အဲဒါကြောင့် ဩဂုတ် ၂၃ ရက်မှာ မြို့နယ်-ပလဖ အမှုစစ်အရာရှိ ဦးဆောင်တဲ့အဖွဲ့ဆီကို စနစ်တကျနဲ့ မြို့နယ်-ပကဖ ဘက်ကနေ လွှဲပြောင်းပေးခဲ့တယ်။ အဲဒီလို သံသယ တရားခံတွေကို လွှဲပြောင်းပေးရာမှာ သူတို့ရဲ့ ကျန်းမာရေးကအစ သေချာစစ်ဆေးပြီးမှ လွှဲပြောင်းလက်ခံစာနဲ့အတူ ကျန်းမာရေးကောင်းမွန်စွာနဲ့ လွှဲပြောင်းပေးခဲ့တာဖြစ်တယ်။ အဲဒီလို လွှဲပြောင်းပေးပြီးတော့ နောက်တရက် ညနေပိုင်းမှာပဲ ဆရာတော် ပျံလွန်တော်မူသွားတယ်”လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ချောင်းဦးမြို့နယ် ပကဖ အဖွဲ့က ကနဦးဖမ်းဆီးခဲ့ပြီးနောက် ပလဖအဖွဲ့က ထပ်မံလွှဲပြောင်းဖမ်းဆီးထားချိန်မှာ ရွှေဒါးကျရွာ ဆရာတော်ဟာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာအများအပြားနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံတွေက ပြောပါတယ်။
ချောင်းဦး-ပလဖ ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ ဆရာတော့် ရုပ်အလောင်းကို ကြည့်ရှုခွင့်ရရှိခဲ့တဲ့ ဒေသခံတွေ ပြောပြချက်အရ ဆရာတော်ရဲ့ ခန္ဓာကိုယ် နောက်ကျော၊ လက်နဲ့ ခြေထောက်တွေမှာ ရိုက်နှက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရသလို လက်သဲခွံခွာထားတာနဲ့ ခြေထောက်မှာ မီးစနဲ့ ရှို့ထားတာတွေလည်း တွေ့ရတာကြောင့် ဆရာတော်ဟာ နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရရှိထားတဲ့ ဆရာတော်ရဲ့ ရုပ်အလောင်း မှတ်တမ်းဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေမှာလည်း ခန္ဓာကိုယ်အနှံ့မှာ ရိုက်နှက်ထားတဲ့ အညိုအမဲ ဒဏ်ရာတွေနဲ့အတူ လက်သဲခွံကွာနေတာ၊ လက်နဲ့ ခြေထောက်မှာ ဒဏ်ရာရထားတာတွေလည်း တွေ့ရပါတယ်။

ချောင်းဦးမြို့နယ် ပလဖအဖွဲ့က ဖမ်းဆီးထားစဉ် နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ ဆရာတော် ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ – NUG ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန – MOHAI ဒုတိယဝန်ကြီး ဦးကျော်နီကလည်း ပလဖအဖွဲ့တွေကို စစ်ကိုင်း ဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့အောက်ကို လွှဲပြောင်းထားတာကြောင့် ယူနစ်အစိုးရကသာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
“ကနဦး အစီရင်ခံချက်တွေအရကတော့ စကစနဲ့ ဆက်နွယ်တဲ့သူတွေက ပျူရွာအဖြစ်ပြောင်းဖို့ စီစဉ်ဆောင်ရွက်နေတာတွေကြောင့် ထိန်းသိမ်းစစ်မေးတယ်လို့ သိရပါတယ်။ ဘာကြောင့် ဆုံးပါးရတယ်ဆိုတာကိုတော့ ဆေးစစ်ချက်တွေ စုံစမ်းဆေးစစ်ဆေးမှုတွေပြီမှ ပြောနိုင်မှာပါ။ ဒါပေမဲ့ ထိန်းသိမ်း စစ်မေးသူတွေမှာတော့ တာဝန်ရှိပါတယ်။ ကျန်တဲ့သူတွေအပေါ်မှာလည်း ဥပဒေအတိုင်း ဆောင်ရွက်ဖို့ လိုပါတယ်။ ပလဖကို ယူနစ်အစိုးရအောက် လွှဲထားတာဆိုတော့ ယူနစ်အစိုးရက ဘယ်လိုဆောက်ရွက်မလဲတော့ မသိသေးပါဘူး။ သူတို့ လုပ်သင့်တာ လုပ်ပါလိမ့်မယ်”လို့ ဦးကျော်နီက ပြောပါတယ်။
ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူခဲ့တဲ့ ဆရာတော်ဟာ ရွှေဒါးကျကျေးရွာ သိမ်တော်ဦးကျောင်းတိုက်က ဦးဣန္ဒာစာရ သိက္ခာတော် ၃၁ ဝါ၊ သက်တော် ၅၁ နှစ်ရှိပြီဖြစ်ပြီး ရွှေဒါးကျကျေးရွာကို အသက် ၉ နှစ်အရွယ်မှာ ဆရာတော်ရဲ့ဇာတိဖြစ်တဲ့ ဘုတလင်မြို့နယ်ကနေ ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဆရာတော်ဟာ မန္တလေးမြို့ရှိ ပဇ္ဇောတာရုံ စာသင်တိုက်မှာ စာဝါသင်ကြားခဲ့တဲ့သူဖြစ်ပြီး စစ်အုပ်စုနဲ့ ပတ်သက်မှုမရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဆရာတော်ကို လွှဲပြောင်းထိန်းသိမ်း စစ်ဆေးနေတဲ့ ချောင်းဦး ပလဖ အဖွဲ့ကနေ ဩဂုတ် ၂၄ ရက်မှာ ရုပ်အလောင်းလာယူဖို့ ဒေသခံတွေကို အကြောင်းကြားခဲ့တာကြောင့် သွားရောက်သယ်ယူခဲ့ရပြီး ရုပ်အလောင်းမှာလည်း ဒဏ်ရာတွေအများအပြားတွေ့ရတယ်လို့ ရွှေဒါးကျ ရွာခံတစ်ဦးက ပြောပါတယ်။
“ဆရာတော်ကို ပကဖကနေ စစ်ဆေးတာကုန်သွားလို့မို့ ပလဖ ဘက်ကနေ လွှဲပြောင်းယူသွားတယ်လို့ သတင်းကြားရတယ်။ နောက်ရက်မနက်ရောက်တော့ သတင်းထွက်လာတာက ဆရာတော်ကို မင်းတို့ရွာကနေ ပြန်ယူမှာလား၊ လက်ခံမှာလားပေါ့ လက်မခံရင် (ပလဖဘက်က)ငါတို့ဘာသာငါတို့ လုပ်လိုက်တော့မယ်ဆိုပြီးတော့ ပြောတယ်။ အဲဒီလိုဆိုရင် ရွာကိုလာပို့ဆိုပြီးတော့ ပြောတော့ ရွာလာမပို့ရဲဘူး၊ လာယူချင်ရင်တော့ လမ်းခုလပ်မှာလာယူဆိုပြီး ပြောတယ်။ ဒါတောင်မှ နှစ်ယောက် သုံးယောက်လောက်ပဲ သွားရတာ။ သွားယူလာတဲ့အခါမှာ ဆရာတော်ကတော့ ရှိုးရာ(ရိုက်နှက်ခံထားရတဲ့ဒဏ်ရာ)တွေအပြည့်ပဲ။ လက်သဲကလည်း မရှိတော့ဘူး။ ရှိုးရာတွေက အများကြီးပဲ။ ဆရာတော် ဈာပနကတော့ မနေ့ကပဲ ရောက်ပြီးမကြာဘူး ချက်ချင်း သင်္ဂြိုဟ်လိုက်ရတာ။ ဆရာတော်နဲ့အတူ ပါသွားတဲ့ သူတွေလည်း အခုချိန်အထိ ဘာသတင်းအစအနမှ မကြားရသေးတော့ ဒေသခံတွေက စိတ်ပူနေကြတယ်”လို့ ဒေသခံက ပြောပါတယ်။
ရွှေဒါးကျကျေးရွာ ဆရာတော် သေဆုံးမှုနဲ့ပတ်သက်ပြီး ချောင်းဦးမြို့နယ် ပလဖ အဖွဲ့ တာဝန်ရှိသူနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူထံ ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခဲ့တာမရှိသလို အကြောင်းပြန်ကြားတာမရှိခဲ့ပါဘူး။
စစ်အုပ်စုနဲ့ ပူးပေါင်းမှုရှိတယ်ဆိုပြီး ချောင်းဦးပလဖ အဖွဲ့ဝင်တွေက ဖမ်းဆီးစစ်ဆေးပြီးနောက် ပျံလွန်တော်မူသွားတဲ့ ရွှေဒါးကျကျေးရွာ ဆရာတော်/ဓာတ်ပုံ-ဒေသခံ



Leave a Reply