၇ ရက်ကြာ မင်းလှတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး ကား ၁ စီးနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းလှမြို့နယ်အတွင်းသို့ မင်းတုန်းဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်နှင့် ဗမာပြည်ကာကွယ်ရေးတပ် (USBA) တပ်ဖွဲ့တို့အကြား ၇ ရက်ကြာ ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး ကား ၁ စီးနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း United States of Burma Army – USBA တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့ ပထမအကြိမ် စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင် စီ စစ်ကြောင်းကို တော်လှန်ရေးတပ်က တိုက်ခိုက်မှုကြောင့် စစ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် ဩဂုတ်လ ၂၃ ရက်နေ့ ညပိုင်းတွင် အဆိုပါစစ်ကြောင်း တပ်ပျက်သွားခဲ့ပြီး လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ကူယူကာ ကျောက်တိုင်အထိုင်စခန်းသို့ နောက်ဆုတ်သွားခဲ့ရသည်။
၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ဖောကား ၁ စီး၊ မီးစက် ၁ လုံးနှင့် ခဲယမ်းအချို့ကို USBA ဘက်မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

“အခု စစ်ခွေး စစ်ကြောင်းက လမ်းတစ်လျှောက် ရွာတွေက နေအိမ်တွေတော့ အကုန် မွှေနှောက် ခိုးယူတာမျိုးတွေလုပ်တယ်။ ရမ်းသမ်းပစ်ခတ်လို့ ဥယျဉ်ပု ရွာက ဆရာလေးတစ်ပါး ခေါင်းကျည်ထိလိုဘ ဆေးရုံရောက်တယ်။ အဲ့တာတွေကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတင်းကို မပြတ် နားစွင့်ပြီး ဘေးကင်းလုံခြုံဖို့ အမြဲ ပြင်ဆင်ထားကြဖို့ နှိုးဆော်လိုပါတယ်” ဟု United States of Burma Army – USBA တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့နောက် အကြမ်းဖက် စစ်တပ်သည် မင်းတုန်းမြို့ဘက်မှ အင်အား ၂၀၀ ဝန်းကျင် ထပ်မံဖြည့်တင်းကာ ဩဂုတ်လ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ် စစ်ကြောင်းပြန်လည်ထိုးလာခဲ့ကြောင်း ၊ ထိုစေစ်ကြောင်းသည် ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် ကျောက်တိုင်စခန်းမှ ၈ မိုင်ကွာဝေးသော ရှမ်းတပ် ရဲစခန်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကြောင်း စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေနိုင်သဖြင့် အနီးဝန်းကျင်ရှိ ပြည်သူ များအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန် ဗမာပြည်ကာကွယ်ရေးတပ် (USBA) က သတိပေးနှိုးဆော်ထားသည်။


Leave a Reply