ပေါ်တာအဆွဲကြမ်းနေသည့် မြောက်ဒဂုံတွင် Chinland FC ဘောလုံးသမား ပျောက်ဆုံး
Chinland FC ဘောလုံးသမားတစ်ဦး မြောက်ဒဂုံ၊၇/၈ လမ်းဆုံအနီးတွင် ပျောက်ဆုံးသွားကြောင်း သိရသည်။

Chinland FC ဘောလုံးအသင်းမှ ကစားသမား၊ Myanmar League တွင်လည်း ကစားနေသူ၊ မတူပီမြို့နယ်သား အသက် ၂၂နှစ်အရွယ်ရှိ Pa Lung (Chinland FC ကျောနံပါတ် ၅) သည် ဩဂုတ်၂၂ရက်တွင် ရန်ကုန်မြို့၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊၇/၈ လမ်းဆုံးအနီး၌ ပျောက်ဆုံး သွားပြီး ယနေ့(ဩဂုတ်၂၆ရက်)အထိ အဆက်အသွယ်မရသေးကြောင်း Chinland FC က သတင်း ထုတ်ပြန်သည်။
“အခု ကျနော်တို့ မြို့စွန်ဘက်မှာ ပေါ်တာတွေ စွတ်ဆွဲနေလို့ အကုန်စီးပွားပျက်နေတာ။ ညဦးပိုင်း ဆို အပြင်မထွက်ကြတော့လို့ ဆိုင်တွေ အကုန်လုံး ကြောင်ပျောက်နေတာ မင်းအောင်လှိုင်ပြောတဲ့ ရက် ၁၀၀စီမံချက်ကတည်းကပဲ။

ရက်၂၀ ကျော်လာရင် ပိုဆွဲတယ်။ သေချာတယ်။ ပေါ်တာဆွဲခံရတာ”ဟု မြောက်ဒဂုံ၊ မဝတ လမ်းဆုံအနီးနေ စားသောက်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
Pa Lung သည် ဩဂုတ်၂၂ရက်တွင် ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားဖြင့် ပြန်လာကာ ၇/၈ လမ်းဆုံ၌ ဆင်း၍ တက္ကစီဖြင့် အဆောင်သို့ ပြန်ရန်လုပ်နေသည့်အချိန်အထိသာ အဆက်အသွယ် ရရှိခဲ့ကြောင်း Chinland FC က ထုတ်ပြန်သည်။

Chinland FC အသင်းအနေဖြင့် ၅ ရက်တိုင် အစွမ်းကုန် ရှာဖွေခဲ့ပြီး သက်ဆိုင်ရာများသို့ အကြောင်း ကြားခြင်း၊ လူပျောက်အမှုဖွင့်ခြင်း၊ MFF ၊ MNL တာဝန်ရှိ လူကြီးများနှင့်အတူ လိုအပ်သော အရာများ အားလုံးကို လုပ်ဆောင်နေသော်လည်း ယခုအချိန်အထိ အဆက်အသွယ် မရရှိသေးကြောင်းလည်း ထုတ်ပြန်သည်။
“ပေါ်တာဆွဲသွားပြီဆို ဖုန်းသိမ်းတယ်။ဘယ်နေရာပို့ပို့ သတင်းအမှောင်ချထားတယ်။ ဘောလုံးသမား လည်း စစ်တပ်က ဂရုမစိုက်ဘူး။ဂရုမစိုက်လို့လည်း ဘာမှမဖြစ်ဘူး”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ် ကဆိုသည်။

ကစားသမား Pa Lung ကို တွေ့ရှိသူ သို့မဟုတ် သတင်းတစ်စုံတစ်ရာ သိရှိသူများရှိပါက အမြန်ဆုံး အကြောင်းကြားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံကြောင်းလည်း Chinland FC က ထုတ်ပြန် ထားသည်။
ဓာတ်ပုံ- Chinland FC


Leave a Reply