ရခိုင်ရိုးမပေါ် အသေခံတက်ရမည့် ပစ များ တပ်အရာရှိကို လုပ်ကြံရှင်းလင်းပြီး အလင်းဝင်လျှင် ကျပ်သိန်း ၁၀၀၀ ထိ ဆုချီးမြှင့်မည်

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ရောက် စစ်မှုထမ်းတပ်သားများအနေဖြင့် တပ်အရာရှိများကို လုပ်ကြံ ရှင်းလင်းပြီး အလင်းဝင်လာပါက ကျပ်သိန်း ၁၀၀၀ အထိ ဆုချီးမြှင့်မည်ဟု သရက်ခရိုင်ပကဖ တာဝန်ခံ ကိုဗဟိန်းက ထုတ်ပြန်လိုက်သည်။
ဗိုလ်မှူးကြီး အဆင့်ကို လုပ်ကြံပြီး အလင်းဝင်လာသူကို ကျပ်သိန်း ၁၀၀၀၊ ဒုဗိုလ်မှူးကြီးအဆင့် သိန်း ၇၀၀၊ ဗိုလ်မှူးအဆင့် သိန်း ၅၀၀၊ ဗိုလ်ကြီးအဆင့် သိန်း ၃၀၀၊ ဗိုလ်အဆင့် သိန်း ၂၀၀ နှင့် ဒုဗိုလ်အဆင့် သိန်း ၁၀၀ ချီးမြှင့်မည်ဟု ကိုဗဟိန်းကဆိုသည်။
စစ်မှုထမ်းတပ်သားများကို ယခုလို ရာသီဥတုမျိုးတွင် မင်းတုန်းမြို့အနောက်ဘက်ရှိ ရခိုင်ရိုးမပေါ် တက်ကာ စစ်ကြောင်းထိုးမည့် စစ်တပ်၏ အကြံအစည်မှာ လူစိတ်မရှိသော အမိန့်ဖြစ်ကြောင်း လည်း ဆိုသည်။
“အရှင်လက်လက် ငရဲကျတာထက်ကို ပိုဆိုးတဲ့ စစ်မြေပြင်ပဲ ။ အာဏာရူးတွေက လူစိတ်ကင်းမဲ့စွာနဲ့ မင်းတို့ကို သေတွင်းထဲပို့ပြီး မင်းတို့အရိုးနဲ့ သူတို့အကျိုးစီးပွားတွေကို ကာခိုင်းလိုက်တာသာဖြစ်တယ်။ ရာသီဥတုကဆိုး ။ စစ်ရေးအရလည်း အောက်ကနေ လှန်တိုက်ရမှာဖြစ်တယ် ။

ပြီးတော့ မင်းတုန်း နယ်မှာ ငှက်ဖျားကလည်း အတော်ကြမ်းတယ် ။ မင်းတို့အတွက် သရဏဂုံ ကြိုပြီးတင်ထားရမယ့် အခြေအနေဖြစ်နေပြီ။ ဒါကြောင့် သတ္တိမွေးပြီး ငါတို့ဆီကို လာခဲ့လိုက်ကြပါ ။
အရင်စစ်ကြောင်းက စီနီယာ ပစ(စစ်မှုထမ်းတပ်သား)တွေဆို ငါတို့ဆီမှာ ရွာတောင်တည်လို့ရနေပြီ။ ပြန်တဲ့သူလည်းပြန်၊ ပျော်တဲ့သူလည်းပျော်လို့ ဘေးကင်းလုံခြုံမှုအပြည့်နဲ့ ဘ၀ကို ဖြတ်သန်းနေကြပြီ” ဟု ကိုဗဟိန်းက ဆိုသည်။
အလင်းဝင်လိုသည့် စစ်မှုထမ်းတပ်သားများအနေနှင့် မင်းတုန်းမြို့နယ်၊ထန်းပင်ကုန်းနှင့် ဖြူကန်ရွာမှ လွဲ၍ အခြား မည်သည့်နေရာမဆို ဝင်လာကာ ပြည်သူများအား သရက်ခရိုင်ပကဖ ထံ အလင်းဝင်လို ကြောင်း ပြော၍ အကူအညီတောင်းခံနိုင်ကြောင်း ကိုဗဟိန်းက ဆိုသည်။
“လက်နက်တော့ ပါအောင်ယူခဲ့လိုက်ကြ။ ငါတို့ လက်နက်လိုနေလို့ ငွေနဲ့၀ယ်ရတာ ပြည်သူ့ ပိုက်ဆံ တွေ အတော်ကုန်တယ်။ လက်နက်က၀ယ်ရတာ ဈေးလည်းကြီးတယ်။ အဲ့ကြောင့် သူ့အရိုးနဲ့ သူ့ပြန် ထိုးအောင် ကြိုးစားပြီး လက်နက်ယူခဲ့ကြပါ။
လက်နက်ပါလာရင် မင်းတို့နောက်ကို ဘယ်ခွေးသားကမှ လိုက်မဖမ်းရဘူး၊၊ အဲ့ခွေးသားတွေက သေမှာအတော်ကြောက်ဝာာ၊ မင်းတို့နောက်ကို ဘယ်ကောင်မှ လိုက်မရှာတော့ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
လက်နက်ပါလာလျှင် လုံခြုံသည့်နေရာတွင် ဝှက်ထားခဲ့ပြီး တွေ့သည့်တောတိုးကာ တွေ့သည့်ပြည် သူကို ယုံကြည်စိတ်ချစွာအကူအညီ တောင်းခံနိုင်ကြောင်းလည်း ဆိုသည်။

“မင်းတို့ မိသားစုတွေက မင်းတို့ နာရေးသတင်းထက် မင်းတို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီဆိုတာကိုပဲ မျှော်နေကြတယ်” ဟု ကိုဗဟိန်းက ဆိုသည်။
လက်ရှိတွင် ထောင်နှင့်ချီသော စစ်သားအင်အားသည် မင်းတုန်းမြို့နယ်ထဲသို့ ရောက်ရှိနေပြီး မင်းတုန်းမြို့အနောက်ဘက်ရှိ ရခိုင်ရိုးမအခြေသို့ ဦးတည်ကာ စစ်ကြောင်းထိုးနေသောကြောင့် ရခိုင် ရိုးမပေါ်သို့တက်ကာ AA သိမ်းပိုက်ထားသော ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ပြန်သိမ်းရန် စစ် ကြောင်းထိုးနေခြင်းလားဟု စောင့်ကြည့်နေကြသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို AA သိမ်းပိုက်ထားသည်။


Leave a Reply