နားနဲ့မနာ ဖဝါးနဲ့မနာ နှလုံးသားနဲ့ နာတော်မူပါ။ ။
အေးဗျာ။ ကျုပ်တို့စာရေးသူတွေများ ခံစားပြင်းပြင်းနဲ့ စာရေးချင်ပြီဟေ့ ဆိုရင် စကားလုံးရှာရတဲ့ ဒုက္ခဟာ အင်မတန်ကြီးသဗျာ။

တကယ်တော့ ကျုပ်စာရေးတဲ့အခါ ကျုပ်ရင်ထဲမှာ ခံစားနေရတာကို စာဖတ်သူတွေ မူရင်းအတိုင်း ခံစားရလေအောင်၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စကားကို ငှားသုံးရရင် နားသယ်ကိုရော နှလုံးသားကိုပါ တူနဲ့နှက်လိုက်သလို ဒုတ်ဒုတ်ထိ ခံစားနိုင်အောင် ရေးပြချင်တာပါ။
ဖြစ်နိုင်ရင်ဖြင့် စလေဆရာဦးပုညလို ဖတ်သူရင်ထဲ နင့်ကနဲ ဖြစ်သွားစေတဲ့ ပျစ်ပျစ်နှစ်နှစ် စကားလုံးအသစ်အဆန်းတွေ ရေးပြဖို့ ဆိုတာကလည်း ကျုပ်မှာပါရမီ မပါပြန်ဘူးဗျာ။
ခက်လှပါသကော။ ဒီကြားထဲ စာပေအလင်္ကာ ပျို့ကဗျာ စသည်တွေမှာ ဂါမ္မဒေါသ မသင့်အပ်ဘူးလို့ ရှေးဆရာကြီးများရဲ့ မိန့်မှာချက်ကလည်း ရှိနေသေးဗျာ။
ဂါမ္မဒေါသဆိုတာ “မယဉ်ကျေးတဲ့ အသုံးအနှုန်း၊ အရပ်စကား သို့မဟုတ် ကာမဂုဏ်နဲ့ ပတ်သက်ပြီး အတိအလင်း ရေးသားဖွဲ့ဆိုခြင်းမျိုးကြောင့် ဖြစ်ပေါ်လာတဲ့အပြစ်” ကို ဆိုလိုတာမို့ ရှေးဆရာကြီးများရဲ့ အဆိုအမိန့်ဟာလည်း မမှားပြန်ဘူးဗျာ။
ကဲ။ ထားပါတော့။ အဲသလို နိဒါန်းပျိုးနေရတာက မနေ့တုန်းက ဖတ်မိတုန်းတဲ့ ထိုင်းနိုင်ငံပတ္တယားကမ်းခြေ က သတင်းတပုဒ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုယ်တွေ့ ထိုင်းပြည့်တန်ဆာ၊ (မရိုသေ့စကား ဖာသည်ဆိုပါတော့) အကြောင်းလေး ဆက်စပ်ပြီးတွေးမိလို့ပါ။
ပတ္တယားသတင်းက ဒီလိုပါခင်ဗျ။
အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီးနဲ့ သူ့ရဲ့အစောင့်အရှောက် စစ်သင်္ဘောအုပ်စုဟာ ထိုင်းနိုင်ငံပတ္တယားကမ်းခြေကို ရောက်နေပါပြီ တဲ့။

အဲသလိုရောက်နေရခြင်းအကြောင်းရင်းက ထိုင်းနဲ့အမေရိကန် မဟာဗျူဟာမြောက် စစ်ရေးမဟာမိတ်ဆက် ဆံရေး အတွက်ပါတဲ့။
ဒါ့အပြင် အဲဒီသင်္ဘောကြီးတွေပေါ်က အမေရိကန်စစ်သည်တွေဟာ ပတ္တယားမြို့ပေါ်မှာ အပန်းဖြေကြရင်း မြို့တွင်းက ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ညဈေးတန်းလျှောက်တာတွေပါ ပါဝင်တာမို့ ထိုင်းခရီးသွားလုပ်ငန်းကို ကျွဲကူးရေပါ တိုးမြှင့်နိုင်ပါသတဲ့။
ဒီမှာတင် ကျုပ်ရဲ့စိတ်အစဉ်ဟာ လွန်ခဲ့တဲ့ ၁၅နှစ်ဝန်းကျင် ဖူးခက်မှာနေခဲ့စဉ်တုန်းက ခရီးသွားလုပ် ငန်းလုပ်ကိုင်နေတဲ့ ကျွန်တော့် မိတ်ဆွေတစ်ယောက်နဲ့ စကားလက်ဆုံကျခဲ့မိတာကို ပြေးသတိရမိတာပါပဲ။
တနေ့သား သူနဲ့ကျွန်တော် ဖူးခက်ကမ်းခြေမှာ စကားလက်ဆုံကျခဲ့တုန်းကပေါ့။
“ဆရာသမားရေ။ ဒီရက်ပိုင်းမှာတော့ ဖူးခက်မှာ ဖာတွေရှားဦးမယ်ဗျာ၊ဖာဈေးလည်းတက်ဦးမှာ သေချာတယ်”

“ဟ။ ဖူးခက်မှာ ဒီလောက် ဖာတွေပေါနေတာ ဘယ်လိုလုပ် ရှားရမှာတုန်း”
“မဟုတ်ဘူးဆရာ။ အခုသင်္ဘောကြီးတွေကပ်နေပြီ။ ဖာတွေ သေချာပေါက်ဈေးတက်တော့မှာ”
“မင်းကွာ။ ငါလည်း အဲသလောက် မတုံးပါဘူး။ ဟိုးပင်လယ်ထဲမှာ အခုလှမ်းမြင်နေရတဲ့၊ကျောက်ချထားတဲ့ ကမ္ဘာလှည့် ခရီးသွားဇိမ်ခံသင်္ဘောကြီးတွေက အမြဲလိုလို ဝင်ထွက်နေကျပါကွာ။ အဲဒါကြောင့်တော့ ဖူးခက် ဖာဈေးတက်စရာ ဖာရှားစရာအကြောင်း မရှိပါဘူး။ အဲဒီသင်္ဘောကြီးတွေပေါ်မှာ ဖာတွေက အဆင်သင့် ပါလာပြီးသား ဥစ္စာ”

“ဟုတ်ပါတယ်ဆရာရဲ့။ အဲဒီ ကမ္ဘာလှည့် ခရီးသွားဇိမ်ခံသင်္ဘောကြီးတွေကြောင့် ဖာဈေးမတက်ပါဘူး။ ဒါပေမဲ့ မနက်ဖန် ဆိုက်လာမှာက အမေရိကန် လေယာဉ်တင် သင်္ဘောကြီးနဲ့ သူ့ကို စောင့်ရှောက်မဲ့ စစ်သင်္ဘောအုပ်စုကြီးဆိုက်မှာဗျ”
“စစ်သင်္ဘောတွေဆိုတော့ သူတို့အလုပ် သူတို့လုပ်မှာမို့ ဖာဈေးနဲ့ ဘာဆိုင်တုန်းဟ”
“ဆရာက လည်မလိုလိုနဲ့ အတော်ညံ့သေးတာပဲ။ အဲဒီစစ်သင်္ဘောကြီးတွေနဲ့ ပါလာမဲ့ အမေရိကန် စစ်သားတွေကမှ ဖာဈေးကွက်ရဲ့ အမှန်တကယ် စားသုံးသူအစစ်တွေဗျ”

“ဟင်”
“မဟင်နဲ့ ဆရာ။ သူတို့အားလုံးနီးပါးဟာ ဖူးခက်ကမ်းခြေကိုရောက်ရင် ထိုင်းမလေးတွေရဲ့ ရင်ငွေ့ကိုလှုံဖို့ အားခဲထားတဲ့ကောင်တွေချည်းပဲခင်ဗျ”
“ဩ”
“မဩနဲ့ဆရာ။ အဲဒီသင်္ဘောတွေကပ်ရင် အမေရိကန်စစ်သား ငါးထောင်ခြောက်ထောင်ပါလာတာ၊ နွားသိုးကြိုးပြတ် ကြိတ်ချင်ကြတဲ့ကောင်တွေချည်းမို့ ဘယ်ဈေးခေါ်ခေါ် ဆော်ရရင် ပြီးရော ဈေးမဆစ်တတ်တဲ့ အဖိုးတန် ကာစတန်မာတွေဗျ”
“ဪ၊ ဒီလိုဆိုတော့လည်း မင်းကြိုတင်တွက်ဆထားတဲ့ ဖာဈေးကွက်မှာ ဝယ်လိုအားမြင့်တော့မယ်ဆိုတာ မှန်နိုင်တယ်ကွ”

“မှန်ရုံတင် ဘယ်ကမလဲ။ ကျွန်တော်က နှစ်တိုင်းလိုလို အတွေ့အကြုံရှိပြီးသားမို့ အခုဆို ကျွန်တော့် ထိုင်း မိတ်ဆွေ ခရီးသွားလုပ်ငန်းရှင်တွေတောင် ဖူးခက်နဲ့ ဆက်စပ်နေတဲ့ ဖန်င၊ စူရတ်ဌာနီ၊ နခွန်စီထမရတ် တို့လို မြို့တွေဆီကနေ ဖာအင်အား အလုံးအရင်းနဲ့ ဖြည့်တင်းနေကြပြီ”
ဪ။ ကျွန်တော့်မိတ်ဆွေ ပြောခဲ့သလိုဆိုရင်ဖြင့် အခုချိန်ဆို ပတ္တယားကမ်းခြေမှာ ဖာသည်တွေကို အလုံးအရင်းနဲ့ အားဖြည့်တင်း နေလောက်ကြပြီထင်ပါရဲ့။
ဒီစာကိုဒီလိုရေးလို့ ကျွန်တော်ဟာ ထိုင်းလူမျိုးထိုင်းနိုင်ငံကို အထင်သေးတယ်လို့တော့ မယူဆကြစေလိုပါဘူး။
ထိုင်းနိုင်ငံရဲ့သမိုင်းကြောင်းမှာ ကျွန်တော်တို့ ပဒေသရာဇ်ခေတ် မြန်မာစစ်ဘုရင်တွေအကြိမ်ကြိမ် ကျူးကျော်စစ်ဆင်နွှဲခဲ့ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ထိုင်းမှာ ဖာသည်တွေများရခြင်းရဲ့ အကြောင်းတရား တစ်ခုအဖြစ် ပါနေမယ်ထင်ပါတယ်။

ဟိုးတခေတ်တခါကတုန်းကတော့ ကျွန်တော်တို့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကျွန်တော်တို့နိုင်ငံကို ဖာသယ်လိုနိုင်ငံမျိုးဖြစ်သွားလိမ့်မယ်လို့ ခပ်ကြမ်းကြမ်းမိန့်ခွန်းခြွေခဲ့တာဟာ ကျွန်တော်ခန့်မှန်းမိသလောက် ထိုင်းနိုင်ငံကို ရည်ညွှန်းခဲ့ဟန် ရှိပါတယ်။
အခုတော့ဗျာ။ အဲဒီထိုင်းနိုင်ငံဟာ ကျွန်တော်အပါအဝင် မြန်မာနိုင်ငံဖွားအများစုရဲ့ ခိုလှုံ ပုန်းအောင်း နားခိုစရာဖြစ်ခဲ့ပြီ။
ဒါကြောင့် ဖာနိုင်ငံလို့ အမည်တွင်ခဲ့တဲ့ နိုင်ငံကိုတောင် လိုက်မမှီတော့တာမို့ မြန်မာစစ်အာဏာရှင် အဆက်ဆက်ဟာ ဖာသည်ဖာခေါင်းလောက်တောင် သောက်သုံးမကျဘူးဆိုရင် ကျွန်တော်လွန်သလားဗျာ။
ကျွန်တော်ကြိုပြောထားတယ်နော်။
နားနဲ့မနာ ဖဝါးနဲ့မနာ နှလုံးသားနဲ့ နာတော်မူပါလို့။ ။
မင်းဒင်


Leave a Reply