အာဏာရှင်ဟောင်း နေဝင်း၏ မြေး ကျော်နေဝင်းက ဒုဗိုလ်ချုပ်ဟောင်း သက်ပုံ၏သား မင်းပြည့်သက်ပုံကို Omni Focus တွင် Project Coordinator အဖြစ် လစဉ်လစာ ကျပ်သိန်း ၅၀ နှင့် အခြားအခွင့်အရေးများ ပေးကာ ခန့်အပ်ထား

အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း၏ မြေးဖြစ်သူ ကျော်နေဝင်းပိုင် Omni Focus က ဗိုလ် ချုပ်ဟောင်း သက်ပုံ၏သားဖြစ်သူ မင်းပြည့်သက်ပုံကို Project Coordinator ရာထူးဖြင့် လစဉ်လစာ ကျပ်သိန်း ၅၀ နှင့် အခြားအခွင့်အရေးများ ပေးအပ်ခန့်ထားကြောင်း တပ် သတင်းရင်းမြစ်ထံမှ သိရသည်။
မင်းပြည့်သက်ပုံသည် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ၏ သားအရင်းဖြစ်ပြီး လက်ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူ၊ ယခင် လေတပ်စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၏ သမီးဖြစ်သူ ကြည် ဖြူအေးချမ်းနှင့် အိမ်ထောင်ပြုထားသူဖြစ်ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း လေတပ်စစ်ဦးစီးချုပ်ရာထူးမှ အနားပေးခံခဲ့ရပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် မင်းအောင်လှိုင်က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ပုံသည်လည်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်းအဖြစ်မှ အနားယူပြီးနောက် မင်းအောင်လှိုင်၏ စေခိုင်းချက်ဖြင့် လက်ရှိတွင် ကြံ့ဖွတ်ပါတီ၏ စစ်ကိုင်းမြို့နယ် ပြည်သူ့ လွှတ်တော်အမတ်အဖြစ် တာဝန်ယူနေသူဖြစ်သည်။
စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီးနှင့်ဆွေမျိုးများကို ကျော်နေဝင်းက ယင်းသို့ ခေါ်ယူ အလုပ်ခန့်ခြင်းဖြင့် ရင်းနှီးသော ဆက်ဆံရေးတည်ဆောက်သည့်အပြင် စစ်ဗိုလ်ချုပ်များနှင့်လည်း အမြဲ ဆက်ဆံကာ စီးပွားရေးအခွင့်အရေးများ ရယူလေ့ရှိသည်ဟု သိရှိရသည်။
ကျော်နေဝင်းက လက်ရှိရန်ကုန်တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်၊ စစ်ဆေးတက္ကသိုလ်မှ ဗိုလ် မှူးချုပ် ဇော်မင်းဦး၊ စစ်ဆေးသူနာပြုကျောင်းအုပ် ဗိုလ်မှူးချုပ် ကျော်စိုးလင်း၊ YRTC မှ ချစ်ကိုကိုတို့နှင့်လည်း ဆက်ဆံရေးထူထောင်ထားသည်။
ယင်းကဲ့သို့ ဆက်ဆံရေးထူထောင်ထားသည့်အတွက် စီးပွားရေးဆိုင်ရာ ဥပဒေမဲ့ လုပ်ကိုင်မှုများ၊ လိုင်စင်မဲ့ကားစီးနင်းမှုများ၊ ရန်ကုန်မြို့တွင် လုံခြုံရေးယာဉ်တန်းဖြင့် သွားလာမှုများ၊ အခွန်ရှောင်မှုများ၊ ဘဏ်မှ ငွေချေးယူပြီး ပြန်မဆပ်ဘဲ တိမ်းရှောင်မှုများအတွက် မည်သည့် အရေးယူမှ မခံရကြောင်း သိရှိရသည်။
အာဏာရှင်ဟောင်း နေဝင်း၏ မြေးများဖြစ်သည့် ကျော်နေဝင်း၊ အေးနေဝင်းနှင့် ဇွဲနေဝင်းတို့ ပိုင်ဆိုင်သော Omni Focus General Services Public Co., Ltd သည် YBS ယာဉ်လိုင်းများတွင် Foton ဘတ်စ်ကား အစီးရေ ၅၀၀ ဖြင့် ပြေးဆွဲနေပြီး ယင်းလုပ်ငန်းအတွက် AYA Bank ထံမှ ကျပ် ၅၄ ဘီလီယံကျော် ချေးယူခဲ့သည်။
ယခုအခါ ချေးငွေပြန်လည်ပေးဆပ်မှု မပြုလုပ်ခဲ့သဖြင့် မူလချေးငွေ ကျပ် ၅၄,၈၁၉,၂၀၀,၀၀၀ နှင့် အတိုးငွေ ကျပ် ၂၂,၀၂၁,၆၃၈,၆၈၉ ဒသမ ၃၁ စုစုပေါင်း ကျပ် ၇၆,၈၄၀,၈၃၈,၆၈၉ ဒသမ ၃၁ (ငွေကျပ် ၇၆ ဘီလီယံကျော်) ပေးဆပ်ရန် ကျန်ရှိနေသည်။
AYA Bank ဘက်က ရန်ကုန်တိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုခဲ့ပြီး ဘဏ်ဘက်မှ အမှု အနိုင်ရရှိခဲ့သော်လည်း ကျော်နေဝင်းက ချေးငွေပြန်လည်ပေးဆပ်ခြင်းမရှိဘဲ တိမ်း ရှောင်လျက်ရှိသည်ဟု သိရှိရသည်။
ထို့အပြင် Omni Focus ပိုင် YBS ယာဉ်များအနေဖြင့် ယာဉ်မှတ်ပုံတင်နှင့် လိုင်စင်သက် တမ်းများ မရှိဘဲ လိုင်စင်မဲ့၊ ဥပဒေမဲ့ လမ်းပေါ်တွင် ဆက်လက်ပြေးဆွဲနေသည်။
ယင်းအပြင် ကျော်နေဝင်းက နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်အခများ ပေးဆောင်ရန် ပျက် ကွက်နေသည်ဟု သိရှိရသည်။
ကျော်နေဝင်း ပိုင်ယာဉ်များမှာ ပြေးဆွဲခွင့်ဆိုင်ရာ စည်းကမ်းချက်များနှင့် မကိုက်ညီခြင်း၊ လုပ်ငန်းလိုင်စင်သက်တမ်းတိုးရန် ပျက်ကွက်ခြင်းနှင့် ခရီးသွားပြည်သူများအတွက် လုံခြုံရေးအရ သတ်မှတ်ချက်များ မပြည့်မီခြင်းတို့ ရှိနေသော်လည်း အရေးယူခံရခြင်းမရှိပေ။
ရန်ကုန်တိုင်းစစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် YBS ကုမ္ပဏီ ၂၁ ခုရှိသည့်အနက် Omni Focus ကုမ္ပဏီမှာ မည်သည့်ဥပဒေကိုမှ လိုက်နာစရာမလိုဘဲ ရမ်းကားလုပ်ကိုင်ခွင့်ရရှိနေသည်ဟု ဘတ်စ်ကားလုပ်ငန်းအသိုင်းအ၀ိုင်းက ထောက်ပြပြောဆိုကြသည်။



Leave a Reply