နေ့ခင်းကြောင်တောင် ရွှေနဲ့ငွေအတွက် အငြိမ်းစားဆရာမကြီးကို ရက်ရက်စက်စက် အန္တရာယ်ပြုခဲ့သည့် ဇနီးမောင်နှံ ၆ ရက်အကြာတွင် ရန်ကုန်မှာဖမ်းမိ

နှစ်ပေါင်း ၃၀ နီးပါး စာသင်ကျောင်းလေးမှာ ပညာသင်ကြားပေးခဲ့ပြီး အေးချမ်းစွာ အနားယူနေတဲ့ အငြိမ်းစား ဆရာမကြီးတစ်ဦးရဲ့ ဘဝနိဂုံးဟာ နေအိမ်မှာတင် ရက်ရက်စက်စက် အဆုံးသတ်သွားခဲ့ရတဲ့ ရင်နာဖွယ်ဖြစ်ရပ်တစ်ခု ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
နေ့ခင်းကြောင်တောင် ဝင်ရောက်လုယက်ပြီး ရန်ကုန်အထိ ထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့ အမျိုးသမီးတစ်ဦး ပါဝင်တဲ့ ကျူးလွန်သူအဖွဲ့ကိုတော့ ဖြစ်စဉ်ဖြစ်ပွားပြီး ၆ ရက်အကြာမှာပဲ ရဲတပ်ဖွဲ့က အမိဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကြေကွဲဖွယ်ရာ ဖြစ်စဉ်ဟာ ဩဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်က ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်၊ ရှားခဲအုပ်စု၊ နဲမနိတ်ကျေးရွာမှာရှိတဲ့ နေအိမ်မှာ ဖြစ်ပွားခဲ့တာပါ။
အသက်ဆုံးရှုံးခဲ့ရသူကတော့ ပညာရေးဝန်ကြီးဌာန၊ အောက်မြန်မာပြည် ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဒေါ်လှလှဝင်း ဖြစ်ပါတယ်။
ဆရာမကြီးဟာ ဟင်္သာတမြို့နယ်၊ ကြက်တူရွေးရွာဇာတိဖြစ်ပြီး လေးမျက်နှာမြို့နယ် အိုင်သပြုကျောင်းမှာ ဆရာမအဖြစ် ဆယ်စုနှစ် ၃ ခုနီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေသခံတွေ လေးစားရတဲ့ ပညာရေးဝန်ထမ်းဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့က ဆရာမကြီး ဒေါ်လှလှဝင်းကို နေအိမ်အတွင်းမှာပဲ ကိုယ်ထိလက်ရောက် ကျူးလွန်ကာ အသက်အန္တရာယ်ပြုခဲ့ပြီးနောက် နေအိမ်ရှိ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ယူဆောင်သွားခဲ့တာပါ။
ဒီအမှုနဲ့ပတ်သက်ပြီး ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့က အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ ခရိုင်ရဲတပ်ဖွဲ့၊ နိဗ္ဗာန်နယ်မြေရဲစခန်းနဲ့ ရှားခဲရဲကင်းစခန်းတို့ ပူးပေါင်းပြီး တရားခံတွေကို နေ့မနား ညမနား စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ ကျူးလွန်ပြီးနောက် ရန်ကုန်မြို့ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ သီဟကျော်နဲ့ ဇနီးဖြစ်သူ ဇင်ဇင်နွယ် တို့ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ဩဂုတ် ၂၇ ရက်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ နေအိမ်တစ်ခုမှာ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားထားပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်မှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နဲမနိတ်ကျေးရွာနေ တင်မျိုးအောင် (ခ) နေလ ကိုလည်း ရှားခဲဒေသမှာတင် ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။

လက်ရှိမှာတော့ ဘဝတစ်သက်တာလုံး ပညာရေးအတွက် ပေးဆပ်ခဲ့တဲ့ ဆရာမကြီးကို အသက်အန္တရာယ်ပြု လုယက်ခဲ့တဲ့ အဆိုပါ ဇနီးမောင်နှံ အပါအဝင် ဖမ်းဆီးရမိသူ ၃ ဦးကို အသေးစိတ် စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူကာ တရားစွဲတင်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။



Leave a Reply