မန္တလေးမှ ဆန်တက်လာသည့် စစ်သင်္ဘောများ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုများ ခံရပြီးနောက် ရွှေကူမြို့သို့ ဆိုက်ကပ်
ဖြတ်သန်းရာ မြစ်ကမ်းတစ်လျှောက် စစ်တပ်က လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကျဲ

မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်ရေယာဉ်အုပ်စုမှ ၁၄ စီးသည် ရွှေကူမြို့သို့ ရောက်ရှိဆိုက်ကပ်လာပြီး ရေယာဉ်များ ဖြတ် သန်းသွားလာသည့် မြစ် ကြောင်းတစ်လျှောက်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ အဆက်မပြတ် ကင်းထောက်ခြင်းနှင့် ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
အဆိုပါ စစ်ရေယာဉ်အုပ်စုသည် မန္တလေးမြို့မှ ထွက်ခွာလာစဉ် စုစုပေါင်း ရေယာဉ် ၁၅ စီး ပါဝင်ခဲ့သော် လည်း မန္တလေးနှင့် ကသာမြို့အကြား ခရီးစဉ်တွင် ရေယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့သဖြင့် ကသာမြို့တွင် ချန်ထားခဲ့ရကြောင်း သိရသည်။
ထို့နောက် ဩဂုတ်လ ၂၇ ရက်နေ့တွင် ကသာမြို့မှ ရေယာဉ် ၁၄ စီးဖြင့် ဆက်လက်ထွက်ခွာလာစဉ် ကသာနှင့် ဘိုကုန်းအကြား၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရေယာဉ် ၃ စီးကို ထပ်မံတိုက်ခိုက်ခဲ့ပြီး အဆိုပါရေယာဉ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ဩဂုတ်လ ၂၇ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ရေယာဉ်အုပ်စု၏ ရှေ့ပြေးရေယာဉ် ၆ စီးသည် ရွှေကူမြို့ဆိပ်ကမ်းသို့ မီးထိုး၍ ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
ကျန်ရှိနေသည့် ရေယာဉ် ၈ စီးကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယင်းရေယာဉ်များအနက် ၁ စီးမှာ ခေါင်းပိုင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေယာဉ် ၈ စီးသည် ဩဂုတ်လ ၂၈ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်ကျော်ခန့်တွင် ရွှေကူမြို့ဆိပ်ကမ်းသို့ ဖြည်းဖြည်းချင်း ဆက်လက်ရောက်ရှိလာခဲ့ကြောင်း၊ မန္တလေးမှ ရွှေကူအထိ ခရီးစဉ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် စစ်ရေယာဉ် စုစုပေါင်းမှာ ၄ စီးထက်မနည်း ရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီ၏ စစ်ရေယာဉ်အုပ်စု ဆန်တက်လာစဉ် ခရီးလမ်းကြောင်း လုံခြုံရေးအတွက် စစ်ကောင်စီက လေကြောင်းမှ အဆက်မပြတ် ကင်းထောက်ခြင်းနှင့် ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အထူးသဖြင့် ဩဂုတ်လ ၂၇ ရက် တစ်ရက်တည်းတွင် ရွှေကူနှင့် ကသာမြို့နယ်အတွင်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာ ၁၇ စီး၊ Y-12 လေယာဉ် ၄ စီး၊ L-410 UVP-E20 လေယာဉ် ၃ စီးနှင့် ATR 42 ကင်းထောက်လေယာဉ် ၂ စီးတို့ အသုံးပြု၍ လေကြောင်းမှ ဆက်တိုက်ကင်းထောက်ခြင်းနှင့် ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“အခု စစ်သင်္ဘောအုပ်စုက ရွှေကူဆိပ်ကမ်းကို ရောက်နေပြီး ဘယ်ကို ဆက်လက်ထွက်ခွာမလဲဆိုတာ မသိရသေးဘူး။ မနေ့ကလည်း စစ်သင်္ဘောတွေကို အကာအကွယ်ပေးတဲ့ လေယာဉ်တွေက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ တော်တော်များတယ်။ တစ်နေကုန်နီးပါး ဗုံးပတ်ကျဲသွားတာ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၈ ရက် နံနက် ၆ နာရီခွဲခန့်မှစတင်၍ ရွှေကူဆိပ်ကမ်းတွင် ရောက်ရှိနေသည့် စစ်ကောင်စီရေယာဉ်များပေါ်မှ အထုပ်အပိုးများနှင့် စားနပ်ရိက္ခာ၊ စစ်ဘက်ဆိုင်ရာ ရိက္ခာများကို ချထားနေကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ စစ်ရေယာဉ်အုပ်စုသည် ရွှေကူဆိပ်ကမ်း၌ ၂ ရက်ခန့် အနားယူပြီးနောက် မြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်သွားမည်ဟုသိရှိထားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ- ရွှေကူမြို့သို့ ရောက်ရှိနေသည့် စစ်သင်္ဘော ၁ စီး။



Leave a Reply