ရွာငံတွင် စစ်ကောင်စီ တပ်ရင်းမှူး စနိုက်ပါ ထိမှန်သေဆုံး၊ ဒုတပ်ရင်းမှူး အပါအဝင် ၄ ဦး သေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီ၏ တပ်ရင်းမှူးအဆင့် တစ်ဦး တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ စနိုက်ပါလက်ချက်ဖြင့် ထိမှန်သေဆုံးကြောင်း နယ်မြေသတင်းရင်းမြစ်အရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်က ယင်းကဲ့သို့ ပစ်သတ်ခံရခြင်းဖြစ်ပြီး အခြား စစ်ကောင်စီ ဒုရင်းမှူးအဆင့် အပါအဝင် ၄ ဦးလည်း သေဆုံးရကြောင်း သိရသည်။
သေဆုံးသွားသည့် စစ်ကောင်စီတပ်သား အလောင်းများကို ကောက်ယူရန် စနိုက်ပါဖြင့် ပြန်ထောက်ထားသည့်အတွက် ယနေ့ ဩဂုတ်လ ၂၈ ရက်မှသာ ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
စနိုက်ပါထိမှန်သေဆုံးသည့် တပ်ရင်းမှူးဆိုသည်မှာ အောင်ပန်း၊ ကုန်းနီအခြေစိုက် ၅၀၇ အမြောက်တပ်မှ ဖြစ်ကြောင်း သိရသော်လည်း ကျန်သေဆုံးသူများကိုမူ မည်သည့်တပ်မှန်း မသိရသလို ပစ်ခတ်သည့် တော်လှန်ရေးအဖွဲ့ကိုလည်း မည်သည့်အဖွဲ့ကမှန်း မသိရသေးပေ။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်ကလည်း ရွာငံမြို့နယ်၊ ပွေးနွားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့အကြား နာရီဝက်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

စစ်ကောင်စီတပ်မှ နဘန်းကြီး၊ တစ်ပင်ပျော်ကျေးရွာ၊ ငှက်သောက်ကျေးရွာ၊ ငွေတောင်ကျေးရွာများ အပါအဝင် နယ်မြေအတွင်း ရွာများတွင် အင်အားဖြန့်ကျက်ထားကြောင်း သိရသည်။
ဩဂုတ်လအစပိုင်းမှစ၍ ရွာငံမြို့နယ်အတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ ယခုတစ်ကြိမ် အပါအဝင် သုံးကြိမ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးကြောင်း သိရသည်။
ရွာငံမြို့နယ်တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)၊ ဓနုပြည်နယ် အမျိုးသားများ ကာကွယ်ရေးတပ်တော် (DSNDA)၊ PDF တပ်ရင်း ၁၀၀၃ (ဓနု PDF) တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားလျက်ရှိသည်။



Leave a Reply