ကျောင်းဆရာမ ၁ ဦး အပါအဝင် ၅ ဦးကို ခွေးရူးတစ်ကောင်က ကိုက်သွားလို့ ဆေးရုံတင်ပြီး ကုသနေရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကျောင်းဆရာမ ၁ ဦး အပါအဝင် ကျေးရွာက ဒေသခံ ၅ ဦး ထက်မနည်းကို ခွေးရူးတစ်ကောင်က လိုက်ကိုက်လို့ ဆေးရုံတင်ပြီး ကုသထားရတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၉ ရက် ဒီကနေ့မနက်ပိုင်းက အုတ္တံတားကျေးရွာမှာ ခွေးရူးတကောင်ပေါ်လာပြီး လူ ၅ ဦးကို ကိုက်ခဲ့တယ်လို့ သိရပါတယ်။
“ညောင်ဝိုင်းဘက်ကနေ ပြေးလာတဲ့ ခွေးပါ။ လူတွေ ဝိုင်းလိုက်လို့ ပြေးရင်းနဲ့ လမ်းတွေ့တဲ့သူကို ကိုက်သွားတာ။ ကျောင်းဆရာမလေးတယောက်လည်း အကိုက်ခံရတယ်။
ရူးကုန်မှာစိုးလို့ ဆေးရုံတင်ပြီး အကုန်လုံးကို ဆေးထိုးထားပြီး စောင့်ကြည့်နေရတယ်။ ခွေးကိုတော့ စာကြည့်တိုက်နားမှာ ဝိုင်းရိုက်လိုက်ကြပါပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။

ခွေးရူးအကိုက်ခံရတဲ့သူတွေဟာ အထက အုတ္တံတားရွာက ဆရာမ ဒေါ်ခိုင်ဦး၊ အမှတ်(၉) ရပ်ကွက်က ဒေါ်မိုးမိုးခိုင်၊ အမှတ်(၈) ရပ်ကွက်က မပပ၊ ဇရစ်ချောင်ပိုင်းရွာက ဦးထွန်းရွှေ၊ အမှတ်(၂) ရပ်ကွက်က မဥမ္မာအေး တို့ဖြစ်တယ်လို့ သိရပါတယ်။
ခွေးကိုက်ခံရသူတွေကို ပေါင်မြို့နယ် ဆေးရုံကို ပို့ထားကာ ဆေးဝါးကုသပေးနေပြီး ပေါင်မြို့နယ်မှာ လမ်းဘေး ခွေးလေခွေးလွင့်တွေ များလာနေပြီး အခုရက်ပိုင်း နေရာအနှံမှာ တွေ့နေရတယ်လို့လည်း သိရပါတယ်။


Leave a Reply