ပဲခူးတွင် စစ်ကောင်စီက ၃ ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲ ၊ စစ်ဘေးရှောင်များကို ထွက်ခွာခွင့် စစ်ကောင်စီပိတ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နှင့် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်တို့ကြား နယ်မြေ တဆက်တည်း ရှိနေသည့် ရွာများကို စစ်ကောင်စီက လေကြောင်းမှ သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး မြို့ပေါ်သို့ တိမ်းရှောင်မည့် ဒေသခံများကို စစ်ကောင်စီဂိတ်များက သွားလာခွင့်ပိတ်ပင်ထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မတ်လ ၆ ရက်နေ့မှစ၍ ယနေ့ (မတ်လ ၈ ရက်) နေ့လယ်ပိုင်းအထိ သံတောင်ကြီးမြို့နယ် သပြေညွန့်ရွာ၊ သပြေညွန့်ရွာ၊ ထန်းတပင်မြို့နယ်အတွင်းက ကျောက်ကြီးပေါက်၊ ထန်းတပင်နှင့် ကျောက်ကြီးမြို့နယ်အစပ်ရှိ ရွှေပြည်သာ မကျည်းတောရွာ စသည့်ရွာများနှင့် အနီးအနားကျေးရွာများကို စစ်ကောင်စီက သုံးရက်ဆက်တိုက် လေကြောင်းမှ တိုက်လေယာဉ်များ၊ ဂျက်ဖိုက်တာများနှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဟု သိရသည်။

“ လေယာဉ်က ဒီနေ့ နေ့လယ် ၁၂ နာရီကျော်အထိ ဆက်တိုက်ချတာ။ ၂၄ နာရီအတွင်းကို အကြိမ် ၂၀ မကဘူးကြဲတာ” ဟု မကျည်းတောရွာ ဒေသခံတဦးက ယနေ့ (မတ်လ ၈ ရက်) ညနေပိုင်းက ပြောသည်။

ထိုသို့တိုက်ခိုက်မှုများကြောင့် ဒေသခံများသည် ဇရပ်ကြီး နှင့် တောင်ငူစသည့် မြို့ပေါ်ဒေသများသို့ တိမ်းရှောင်ရန်သွားကြသော်လည်း ဇရပ်ကြီးရှိ ခလရ (၇၃) တပ်ရင်းနှင့် လမ်းတလျှောက်ရှိ စစ်ကောင်စီဂိတ်များက ပေးမထွက်ကြောင်း ဇရပ်ကြီးနှင့် မကျည်းတော၊ ကွေ့ကြီး (စံပြ) တို့မှ ဒေသခံတို့က ပြောသည်။

” ပေးမဖြတ်ဘူးလေ မင်းတို့ရွာ မင်းတို့ပြန် ဆိုပြီး ပြန်လွှတ်တာ။ အဓိက လွှတ်တာ (၇၃) ရှေ့က ဂိတ်၊ တပ်ရင်း (၇၃) ရှေ့မှာက ဂိတ်ကြီးရှိတယ်လေ အဲ့ဒီကနေ မောင်းထုတ်တာ။ ပရဟိတ အဖွဲ့တွေ ဆင်းခေါ်လည်း ပေးမထွက်ဘူး” ဟု မျက်မြင် ဇရပ်ကြီးဒေသခံတဦးက ပြောသည်။

အင်းမကြီးကုန်း၊ ရေဦးတောင်၊ ကျောက်ကြီးပေါက်ရွာ၊ မကျည်းတော၊ သပြေညွန့်၊ ကွေ့ကြီိး (စံပြ)၊ တလိုင်းအိုင်၊ တောပု၊ ဆင်ဆိတ် အပါအဝင် အနီးအနား ကျေးရွာများမှ ဒေသခံများသည် တိမ်းရှောင်လိုကြသော်လည်း စစ်ကောင်စီ၏ ထိုသို့ တားမြစ်မှုများကြောင့် ကျေးရွာများ​နှင့် ဝေးသည့် တောအစပ်နေရာများအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယနေ့ (မတ်လ ၈ ရက်) နေ့လယ်ပိုင်းအထိ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခြင်းရှိပြီး ယနေ့ တိုက်ခိုက်မှုများအတွင်း ကျောက်ကြီးပေါက်ရွာ ဘုန်းကြီးကျောင်း အဆောက်အဦများ ပျက်စီးပြီး ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခြင်းရှိသော်လည်း လူသူ အထိအခိုက်မရှိကြောင်း ဒေသခံတဦးက ပြောသည်။

လေကြောင်းမှ တိုက်ခိုက်မှုများအပြင် မြို့စိုးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ခြေလျင်တပ်ရင်း ခလရ (၇၃) တို့မှလည်း သုံးရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ကျောက်ကြီးပေါက်၊ မကျည်းတော၊ သပြေညွန့်၊ ကွေ့ကြီး (စံပြ) ကျေးရွာများဘက်သို့ ပစ်ခတ်နေခြင်း ရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်ရေးသတင်းရင်းမြစ်အချို့​၏ ပြောကြားချက်အရ စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများသည် သံတောင်ကြီးမြို့နယ် (ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ) သပြေညွန့်ရွာရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရခြင်းကြောင့်ဟု ဆိုသည်။

မတ်လ ၆ ရက်နှင့် ၇ ရက် လေကြောင်းတိုက်ခိုက်မှုများအတွင်း မကျည်းတောရွာမှ အမျိုးသမီးတဦးနှင့် အမျိုးသားတဦး၊ ကျောက်ကြီးပေါက်ရွာမှ အမျိုးသမီးတဦး၊ ကွေ့ကြီး (စံပြ) ကျေးရွာမှ သက်ကြီးပိုင်း အမျိုးသမီးတဦး စုစုပေါင်း လေးဦး သေဆုံးပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားခြင်းရှိသည်ဟု ဒေသခံများက ပြောသည်။

သုံးရက်ဆက်တိုက် တိုက်ခိုက်ပြီးနောက် ယနေ့ ညပိုင်းတွင် သပြေညွန့်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်နိုင်ကြောင်း သိရသည်။

ပုံအညွှန်း- ထန်းတပင်မြို့နယ်၊ ကျောက်ကြီးပေါက်ရွာ အပါအဝင် အနီးအနားကျေးရွာများကို စစ်ကောင်စီက မတ်လ ၆ ရက်နေ့မှစ၍ မတ်လ ၈ ရက်အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံ လေးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ ဘုန်းကြီးကျောင်း၊ ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခြင်းရှိသည်။ (ဓါတ်ပုံ-CJ)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *