မင်းပြားတွင် ၃ လသားကို လှံဖြင့် ထိုးမည်ပြု၍ ယောကျ်ားအိပ်နေစဉ် မိန်းမ ဓားဖြင့် ခုတ်သတ်မှုက တရားခံတွေကို ဖမ်းမိ

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် မိသားစုချင်း စကားများ ရန်ဖြစ်စဉ် ၃ လအရွယ် ကလေးငယ်ကို လှံဖြင့် ထိုးရန် ပြုလုပ်သည့် ယောကျ်ား အိပ်ပျော်နေစဉ် ဇနီးက ဓါးဖြင့် လည်ပင်းအား ခုတ်သတ်မှုက တရားခံများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA ၏ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က ယနေ့ (ဩဂုတ်လ ၂၉ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
တရားခံများက ဝါးထရံကို ဆေးသုတ်၍ အစဖျောက်ခဲ့သော်လည်း စုံစမ်းစစ်ဆေးချက်များအရ တရားခံများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် တိုက်ရိုက် ပြစ်မှုကျူးလွန်သူ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဌေး (ခ) အေးချေ (၂၉ နှစ်) အပြင် အလောင်းအား မြစ်အတွင်းသို့ ပစ်ချ အစဖျောက်ရာတွင် ကူညီပေးခဲ့သည့် ယောက္ခမဖြစ်သူ ဦးအောင်ကျော်သိန်း (၅၇ နှစ်) နှင့် ယောက်ဖဖြစ်သူ စံလင်းချေ (၂၇ နှစ်) တို့ပါ မိသားစုလိုက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက မင်းပြား(အဉ္ဇနပူရ)မြို့နယ် ခမောင်းတောရွာနှင့် မြေပုံမြို့နယ် ဝက်ခေါင်းရွာကြားရှိ ပုဇွန်တာအနီး ကန်သင်းတွင် လည်ပင်း ပြတ်ချဒဏ်ရာ၊ ညိုမည်းဒဏ်ရာများဖြင့် ပုပ်ပွနေသည့် အမျိုးသား ရုပ်အလောင်းတစ်ခုကို ဒေသခံများက စတင်တွေ့ရှိခဲ့ရာမှ ဒီလပ်စခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့် စုံစမ်းခဲ့သည်။

သေဆုံးသူမှာ သာယာကုန်းရွာနေ ဦးမောင်လှသန်း (၃၁ နှစ်) ဖြစ်ကြောင်း စုံစမ်း သိရှိရသော်လည်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဌေးနှင့် မိသားစုဝင်များက အမှုဖွင့်လိုခြင်း မရှိဟု ငြင်းဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့က သံသယဝင်ကာ စုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့် ဆောင်ရွက်ခဲ့သည်။
ဩဂုတ်လ ၇ ရက်နေ့တွင် ဒီလပ် စခန်းမှူးနှင့် အဖွဲ့သည် သေဆုံးသူ၏ နေအိမ်သို့ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ နေအိမ် ဝါးထရံများကို အပြာရောင် သင်္ဘောဆေး အသစ် သုတ်ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေးမှာ မခြောက်သေးသည့်အပြင် အောက်ခြေတွင် သွေးစက်များ ကျန်ရှိနေသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် မိသားစုဝင် ၃ ဦးလုံးကို စခန်းသို့ ခေါ်ယူ စစ်ဆေးခဲ့သည်။
တရားခံ ဒေါ်သန်းသန်းဌေး၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၃ ရက် နံနက်ပိုင်းတွင် လင်မယားချင်း စကားများရာမှ လင်ဖြစ်သူ ဦးမောင်လှသန်းက ၎င်းတို့၏ ၃ လသား ကလေးငယ်ကို လှံဖြင့် ထိုးရန် ပြုလုပ်ခဲ့သဖြင့် ဒေါသ မထိန်းနိုင်ဘဲ ဖြစ်ခဲ့ရကြောင်း ဆိုသည်။
ယင်းနောက် လင်ဖြစ်သူ အိပ်ပျော်နေချိန်တွင် အိမ်၌ရှိသည့် ဓါးမဖြင့် လည်ပင်းကို ခုတ်သတ်ခဲ့ပြီး ထရံတွင် ပေကျန်နေသော သွေးများကို ဆေးကြောကာ အလောင်းကို ပုဆိုးဖြင့် ဖုံးအုပ်ထားခဲ့သည်ဟု ထွက်ဆိုချက်အရ သိရသည်။

ထို့နောက် ဖခင်ဖြစ်သူ ဦးအောင်ကျော်သိန်းနှင့် မောင်ဖြစ်သူ စံလင်းချေတို့ ရောက်ရှိလာပြီး ထိုနေ့ည ၈ နာရီခန့်တွင် အလောင်းကို ကန်စပ်ဖြင့် ထုပ်၊ ဝါးလုံးဖြင့် ချည်နှောင်ကာ ကြပ်စင်မြစ်အတွင်းသို့ ပစ်ချခဲ့ကြသည်။
သွေးပေနေသည့် အဝတ်အစားများကိုလည်း မြစ်အတွင်း ပစ်ချခဲ့ကြပြီး နောက်တစ်နေ့ (ဩဂုတ်လ ၄ ရက်) တွင် သဲလွန်စများ ပျောက်ပျက်စေရန် ဝါးထရံကို အပြာရောင် သင်္ဘောဆေး ထပ်မံ သုတ်ခဲ့ကြကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

လက်ရှိတွင် တရားခံ ဒေါ်သန်းသန်းဌေး အပါအဝင် အားပေးကူညီသူ ဖခင်နှင့် မောင်ဖြစ်သူ တို့ကိုပါ ဩဂုတ်လ ၈ ရက်နေ့တွင် ဖမ်းဆီး ချုပ်မိန့်ရယူခဲ့ပြီး အမှုစစ်ဆေးရေး လုပ်ငန်းများ ပြီးစီးပါက ဥပဒေ အကြံပြုချက်နှင့်အညီ တရားစွဲဆို တင်ပို့သွားမည် ဖြစ်သည်ဟု ဒီလပ်က ဆိုသည်။
အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရအနေဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အောက်တွင် ကြိုတင်ကြံစည်မှုဖြင့် ကျူးလွန်သည့် လူသတ်မှုများကို သေဒဏ် သို့မဟုတ် ထောင်ဒဏ် ၂၀ နှစ်အထိ ချမှတ်နိုင်ကြောင်းနှင့် ပြည်သူများအနေဖြင့် အရက်သေစာ မူးယစ်မှုကြောင့် ဖြစ်ပေါ်လာသည့် ဒေါသကို ထိန်းချုပ်ကြရန်နှင့် မသင်္ကာဖွယ် သေဆုံးမှုများကို အမြန်ဆုံး အကြောင်းကြားကြရန် အသိပေး နှိုးဆော်ထားသည်။


Leave a Reply