KPay နှင့် ကျားဖြန့်ဂယက်

ကျားဖြန့်တွေ အများဆုံးအသုံးပြုကြတာက KPay ပါ။ ဆိုတော့ KPay ရဲ့ ဟာကွက်ကို ကျားဖြန့်တွေ ဘယ်လိုအသုံးချသွားသလဲဆွေးနွေးကြည့်ရအောင်။
ဒီအကြောင်းမပြောခင် အရင်ဆုံး KPay ရဲ့ သဘောသဘာဝကို သိဖို့လိုတယ်။ KPay မှာ အကြမ်းအားဖြင့် အနီကောင့်နဲ့ အပြာကောင့်ဆိုပြီး နှစ်မျိုးရှိတယ်။
(၁) KPay အနီအကြောင်း
KPay အနီမှာ အများပြည်သူကို သုံးစွဲခွင့်ပြုထားတဲ့ အကောင့်အမျိုးအစား သုံးမျိုးရှိတယ်။ တကယ်က သုံးမျိုးမကဘူး။ အသုံးအများဆုံးကိုပြောတာ။
(၁.၁) Agent Account
Agent ရဲ့ လုပ်နိုင်စွမ်းက သူများကို အပြာကောင့်ဖွင့်ပေးနိုင်တယ်။ Red App SM လို့ခေါ်တဲ့ အသေးစား လုပ်ငန်းသုံးအနီကောင့် ပြန်ဖွင့်ပေးနိုင်စွမ်းရှိတယ်။ ငွေထုတ်ပေးနိုင်စွမ်းလည်းရှိတယ်။ Edit… Employee Agent Teller ကသာ Red App SM ဖွင့်ပေးနိုင်တယ်။ နားလည်လွယ်အောင်ပဲ Agent Account လို့ အလွယ်ရေးထားတာပါ။ Agent Account အမျိုးအစားတွေရှိသေးတယ်။
(၁.၂) Merchant Account
MMQR စနစ်ပါတယ်။ ဘယ် Pay ကနေမဆို ငွေလက်ခံနိုင်တယ်။ ဒါပေမယ့် သူများကို အကောင့်ပြန်ဖွင့်ပေးလို့မရဘူး။
(၁.၃) Red App SM Account
MMQR ရမယ်။ တရက် သိန်း ၃၀၀ အဝင်အထွက်ရမယ်။ ဒါ့အပြင် ကျန်တဲ့ လုပ်ပိုင်ခွင့် ဘာမှမရှိဘူး။
(၂) အပြာကောင့်လို့ခေါ်တဲ့ Personal Account
အကောင့်ထဲသိန်း ၁၀၀ ထားနိုင်တယ်။ တရက်ကို အထွက် သိန်း ၅၀ ရမယ်။ MMQR ကိုလွှဲရင် သိန်း 100 ထိ လွှဲနိုင်တယ်။ အပြာကနေ အပြာ ၅၀ နဲ့ MMQR ကို 100 ပေါင်းလိုက်ရင် တရက် သိန်း ၁၅၀ ထိ အထွက်ရမယ်။ ဖုန်းနံပါတ် ပြောင်းလဲပိုင်ခွင့်ရှိတယ်။
ကဲ… ကျားဖြန့်ရဲ့ ကိစ္စ စမယ်။
ကျားဖြန့်တွေ သုံးဖို့ KPay အပြာကောင့်တွေကို ဖန်တီးနိုင်ဖို့ Agent Account ရထားရင် ပိုလွယ်တယ်။ Agent ဖြစ်ဖို့ လိုအပ်ချက်က ၄ ချက်ပဲ။
၁- လူနာမည်
၂- မှတ်ပုံတင်
၃- Proof of Address (လုပ်ငန်းလိုင်စင် သို့မဟုတ် မီတာဘေလ်လိုမျိုး သို့မဟုတ် ရပ်ကွက်ထောက်ခံစာလိုမျိုး)
၄- ဈေးဆိုင်
ဒီလေးချက်အဓိကပြည့်စုံရမယ်။ ဒီလေးချက်ပြည့်စုံပြီဆိုရင် ဘဏ်မှာသော်လည်းကောင်း၊ Super Agent မှာသော်လည်းကောင်း လျှောက်ထားလို့ရတယ်။
KBZ ရဲ့ အားနည်းချက်က ဘာလဲဆိုရင် သူ့ဝန်ထမ်းတွေကို အကောင့် Target ပြည့်အောင် ဖိအားပေးထားတာပဲ။ အဲဒီဖိအားရဲ့ ဆိုးကျိုးက တော်တန်ရုံ စစ်ဆေးမနေတော့ဘဲ Target ပြည့်ရာလိုရင်း အကောင့်ဖွင့်ပေးလိုက်မယ်ဆိုပါစို့။
တနိုင်ငံလုံးအတိုင်းအတာနဲ့ Agent ပေါင်း များစွာရှိလိမ့်မယ်။ အဲဒီထဲမှာ Agent Account ရထားတဲ့ ကျားဖြန့် ဘယ်နှယောက်ပါသွားမလဲ မသိနိုင်တော့ဘူး။
ကျားဖြန့်တယောက်ရဲ့လက်ထဲမှာ Agent Account ရောက်သွားပြီဆိုတာနဲ့ အကျိုးဆက်ကို တွေးကြည့်ပေရော့ပဲ။ အပြာကောင့်တွေ လိုသလောက် တင်တော့မယ်။
နောက်ဆုံး အတည်ပြုချက်က ဘဏ်ဘက်ကဆိုပေမယ့် အချက်အလက်စုံလင်ရင် ဘဏ်ကလည်း မငြင်းသာဘူး။ ဖွင့်ပေးရမှာပဲ။ ကျားဖြန့်ကလည်း ဘောင်ထဲကနေ လက်တလုံးခြားလုပ်သွားတာကိုး။
ဆိုတော့ KPay အကောင့်ကို အသုံးပြုပြီး လိမ်လည်မှုဖြစ်ရင် မသက်ဆိုင်တဲ့ကောင့်တွေကို ပိတ်မယ့်အစား အဲဒီအကောင့်ရဲ့ လားရာကို စီစစ်တဲ့ စနစ်ရှိမှသာ အကောင့်တွေ ဖောင်းပွတာကို တားဆီးနိုင်မယ်။
နောက် ကိုယ်တိုင် အလွယ်တကူ ဖွင့်လို့ရတာပဲ။
ဘယ် Agent ဆီမှမသွားဘူး။ ကိုယ့်ဖာသာ ဖွင့်လို့ရတယ်။ အဲတာရဲ့ ဆိုးကျိုးက ငွေလေးငါးသောင်းပေးပြီး မှတ်ပုံတင်ငှားဖွင့်ကြတော့တယ်။
အသိပညာနုံနဲ့ကြတဲ့အပြင် ဆင်းရဲမွဲတေမှုက ဂိတ်ဆုံးရောက်နေတဲ့နိုင်ငံမှာ ငွေလေးငါးသောင်းဆိုတာ မက်လောက်စရာပမာဏပါ။ ကိုယ်တိုင်ဆင်းရဲဖူးရင် သိလိမ့်မယ်။ ငွေလေးငါးသောင်းဟာ ဘယ်လောက်အဖိုးတန်တယ်ဆိုတာ။
နောက်တချက်က KPay ဖုန်းနံပါတ်ကို အလွယ်တကူ ကိုယ်တိုင် ပြောင်းလဲလို့ရတဲ့ကိစ္စ။ ဒါကိုလည်း ကျားဖြန့်တွေက အသုံးချတယ်။
ဘဏ်ဘက်က အများပြည်သူအဆင်ပြေအောင် ဒီစနစ်ကို လုပ်ပေးထားပေမယ့် ကျားဖြန့်တွေအတွက်ကတော့ အသုံးချစရာ အားနည်းချက်ဖြစ်သွားတယ်။
နံပါတ် တခုပြီးတခုပြောင်းလို့ လိမ်တော့တာပါပဲ။ ဒီနံပါတ်နဲ့ လိမ်လို့အားရပြီဆိုရင် နောက်နံပါတ် ပြန်ပြောင်းလိမ်ပြန်ရော။ အလိမ်ခံရသူက နံပါတ်ပဲ မှတ်ထားတာလေ။ နံပါတ်ပြောင်းသွားရင် သူမသိတော့ဘူး။
ဒီစနစ်ကို ပြန်လည် စီစစ်သင့်တယ်။ အကောင့်ဖွင့်ထားတဲ့ ဖုန်းကို နှစ်ကာလအပိုင်းအခြားတခုအတွင်း ပြန်လည်ပြောင်းလဲပိုင်ခွင့်မရှိဘူးဆိုပြီး ကန့်သတ်လိုက်ရင် လူလိမ်နံပါတ်တွေကို Black List အဖြစ် စာရင်းပြုစုတာသော်လည်းကောင်း ပိတ်သိမ်းတာသော်လည်းကောင်း လုပ်ဖို့ပိုလွယ်သွားမယ်။
အကယ်၍ သတ်မှတ်ကာလမပြည့်ခင် မဖြစ်မနေ ပြောင်းဖို့ ကြုံလာရင် ဘဏ်ကို လူကိုယ်တိုင်သွားပြီး အိမ်ထောင်စု အစရှိတဲ့ ခိုင်လုံသော သက်သေနဲ့တကွပါမှ ပြောင်းခွင့်ရှိသင့်တယ်။
လောင်းကစားဂိမ်းတွေမှာ KPay နံပါတ်တွေ ပေါ်တင် ကြော်ငြာနေကြတာပဲ။ မြင်ကြတွေ့ကြမှာပါ။ ဒါတွေ မြင်နေပါလျက် အရေးမယူ၊ မပိတ်သိမ်းတာကလည်း ကျားဖြန့်တွေကို ဆက်လက် ရှင်သန်ခွင့်ပေးထားသလိုပါပဲ။
မှုခင်းစုံစမ်းရေးအဖွဲ့တွေကလည်း ဟိုနေရာတွေကျ အသွင်ယူစုံစမ်းတယ်။ ဒီလို ကျားဖြန့်ကိစ္စတွေမှာလည်း အသွင်ယူစုံစမ်းသင့်တယ်။
ဥပမာ- ကျားဖြန့်တွေလိမ်တဲ့အခါ သူတို့နံပါတ်တောင်းပြီး KPay နဲ့ပူပေါင်းပြီး ချက်ချင်းပိတ်ချပစ်လို့ရတာပဲလေ။
မဆိုင်တဲ့အကောင့်တွေကျ ငွေကြေးမသမာဆက်စပ်အကောင့်ဆိုပြီးပိတ်တယ်။ တကယ့် လိမ်တဲ့နံပါတ်ကျတော့ မသိကျိုးကျွံပြုနေလေသလားမှတ်ရပါရဲ့။
ဖောချင်းသောချင်း။
အနှစ်ချုပ်ရရင် အကောင့်ဖွင့်တဲ့ Target ပြည့်ဖို့ ဘဏ်ဝန်ထမ်းတွေကို ဖိအားမပေးသင့်သလို အကောင့်ဖွင့်ဖို့လည်း အရမ်း မလွယ်ကူအောင် ဖန်တီးထားသင့်တယ်။
တကယ်ရိုးသားစွာ အသုံးပြုနေတဲ့ အကောင့်တွေကိုလည်း အလွယ်တကူနဲ့ ပိတ်ချပစ်တာမျိုး မဖြစ်သင့်ဘူး။ မဇ္ဈိမ ပဋိပဋာပေါ့။ အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးသင့်တယ်။
ပြောချင်တာက ကိုယ်တို့လို သာမန်လူရဲ့ အတွေးပိစိလေးနဲ့တောင် ဒီလိုလုပ်ရင် ဒီလိုအကျိုးသက်ရောက်မှုရှိမယ်ဆိုတာ တွေးဆနိုင်သေးတာ သူတို့က ကိုယ်တွေထက် ပိုသိမှာပါ။
ဒါဖြင့်… ဘာကြောင့် မလုပ်တာလဲ။ ?????
✍🏻Crypto King


Leave a Reply