ရန်ကုန်၊ မန္တလေး ၊ စစ်ကိုင်းတိုင်း အပါအဝင် မြို့ကြီးများတွင် စစ်မှုထမ်းအပတ်စဉ် ၂၈ အတွက် တပ် သားသစ်အရေအတွက် မပြည့်မီ၍ ပေါ်တာဆွဲမှုများ အလွန်များပြား
လူငယ်အများအပြား ပျောက်ဆုံးနေပြီး Gold Dream FC မှ ဘောလုံးသမား ၂ ဦးလည်း ပျောက်နေ
အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၂၈ အတွက် လိုအပ်သည့် တပ်သားသစ်အရေ အတွက် ပြည့်မီခြင်းမရှိသဖြင့် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း အပါအဝင် မြို့များတွင် လူငယ်များကို နေ့ညမရွေး ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်မှုများ အလွန်များပြားနေပြီး အပြင်ထွက်သွားရာမှ ပျောက် ဆုံးသွားသူများလည်း များပြားလာနေကြောင်း ဒေသခံများနှင့် ပျောက်ဆုံးနေသော လူငယ်များ၏ မိသားစုဝင်များထံမှ သိရှိရသည်။
ပုံမှန်အားဖြင့် စစ်မှုထမ်းအပတ်စဉ်သင်တန်းများကို လစဉ်လလယ်ပိုင်းတွင် ဖွင့်လှစ်လေ့ရှိပြီး ယခုဩဂုတ်လအတွက် စစ်မှုထမ်းအပတ်စဉ် ၂၈ ကို လကုန်သည်အထိ ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း ရန်ကုန်အခြေစိုက် စစ်မှုထမ်းခေါ်ယူရေးဆိုင်ရာ တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ယခင်ဇူလိုင်လအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၇ အတွက် တပ်သားသစ်အရေ အတွက် ပြည့်မီခြင်းမရှိ၍ ဇူလိုင်လအတွင်း မဖွင့်လှစ်နိုင်ဘဲ ဩဂုတ်လ ၁ ရက်နေ့တွင်မှ သင်တန်းကို ဖွင့်လှစ်ခဲ့ရကာ လစဉ် လူငယ် ၅၀၀၀ ဝန်းကျင် စစ်တပ်က ခေါ်ယူလေ့ရှိသည်။

လတ်တလော မန္တလေးမြို့ပေါ်တွင် ယခုရက်ပိုင်း နေ့ရောညပါ စစ်မှုထမ်းအတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်နေပြီး ယခင်ကဲ့သို့ ငွေကြေးဖြင့် ပြန်လည်ရွေးယူရန်ပင် မလွယ်ကူတော့သည့် အခြေအနေ ဖြစ်နေကြောင်း မန္တလေးဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက အိမ်စီးကားများကို အသုံးပြု၍ လူငယ်များကို ပြန်ပေးဆွဲသကဲ့သို့ ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်နေခြင်းကြောင့် မြို့ခံများအနေဖြင့် နေ့စဉ်သွားလာရေးကို ပင် အထူးသတိထားနေရကြောင်း ၎င်းက ဆိုသည်။
“ဒီရက်ပိုင်း နေ့ကော ညကော မန္တလေးမြို့ပေါ်မှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုတွေ အရမ်းများနေပါတယ်။ အရင်လို ငွေနဲ့လိုက်ရွေးဖို့လည်း မလွယ်ကူတော့ဘူး။ အိမ်စီးကားတွေနဲ့ ပြန်ပေးဆွဲဖမ်းခေါ်သလို လုပ်နေကြတာမို့ တစ်မြို့လုံး အသွားအလာဆင်ခြင်နေကြရတဲ့ အခြေအနေပါ” ဟု မန္တလေးဒေသခံသတင်းရင်းမြစ်က ပြောသည်။
ယခုနောက်ပိုင်း ဖမ်းဆီးရာတွင် စစ်မှုထမ်းဥပဒေအရ သတ်မှတ်ထားသည့် အသက်အရွယ်ကိုသာ ကန့်သတ်ဖမ်းဆီးနေခြင်းမဟုတ်တော့ဘဲ အသက် ၃၀ ကျော်၊ ၄၀ ကျော်အရွယ်များကိုပင် ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။
အချို့မှာ မိမိနေအိမ်အနီးအနားသို့ ဈေးဝယ်ထွက်ခြင်း၊ ကွမ်း၊ ဆေးလိပ်၊ အရက်နှင့် ဘီယာဝယ်ယူရန် ထွက်သွားခြင်းများမှပင် ပြန်လည်ရောက်ရှိမလာဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ထို့ပြင် နယ်မြို့များမှ မန္တလေးသို့ လာရောက်သူအချို့မှာ ကားပေါ်မှဆင်းပြီးနောက် အငှားယာဉ်၊ သုံးဘီးယာဉ်များ ငှားရမ်းစီးနင်းရာမှ ဖမ်းဆီးခေါ်ဆောင်ခံရသူများလည်း ရှိနေကြောင်း သိရှိရသည်။
“အခုက အသက်ကန့်သတ်ချက်နဲ့ စစ်မှုထမ်းအတွက် ဖမ်းတာမျိုး မဟုတ်တော့ဘူး။ ဖမ်းခံရသူတော်တော်များများမှာ အသက် ၃၀ ကျော်၊ ၄၀ ကျော်တွေလည်း ပါနေတယ်။ အိမ်နားမှာ ဈေးဝယ်သွားရင်း၊ ကွမ်းဝယ်၊ ဆေးလိပ်ဝယ်သွားရင်းနဲ့ ပျောက်သွားသူတွေတောင် ရှိနေပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များက ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်နှင့် ဘီယာဆိုင်များအတွင်းအထိ ဝင်ရောက်ကာ နေ့ညမရွေး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးမှုများ အဆက်မပြတ်ဖြစ်ပွားနေခြင်းကြောင့် မုံရွာမြို့ခံလူငယ်များသည် အပြင်ထွက်သွားလာရန် ကြောက်ရွံ့နေကြပြီး မြို့ပေါ်လမ်းများမှာ ယခင်ထက် လူသွားလာမှု သိသိသာသာ လျော့နည်းလာကြောင်း သိရှိရသည်။
နေ့စဉ်နေ့တိုင်း ည ၇ နာရီကျော်သည်နှင့် မြို့ပေါ်တွင် လူသွားလာမှု အလွန်နည်းပါးပြီး မြို့တစ်ခုလုံး တိတ်ဆိတ်နေသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ဆိုသည်။
“ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်နဲ့ ဘီယာဆိုင်အတွင်းအထိ ဝင်ဖမ်းနေကြတာကြောင့် လူငယ်တွေ အပြင်မထွက်ရဲကြတော့ဘူး။ ည ၇ နာရီကျော်ရင် မုံရွာမြို့ပေါ်မှာ လူမရှိသလောက် ဖြစ်နေပါတယ်” ဟု မုံရွာဒေသခံတစ်ဦးက ပြောသည်။
ထို့အတူ ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်မှုများ တိုးမြှင့်လာနေချိန် လူငယ်များ ပျောက်ဆုံးမှုများ ဖြစ်ပွားနေပြီး လက်ရှိတွင် ဖူဆယ်လူငယ်ကစားသမား ၂ ဦး ပျောက်ဆုံးနေကြောင်း သက်ဆိုင်ရာ ဘောလုံးအသင်းက ယမန်နေ့ သတင်းထုတ်ပြန်သည်။
Gold Dream FC အသင်းမှ MFF Futsal League (1) 2025-2026 ပြိုင်ပွဲတွင် ပါဝင်ကစားနေသည့် အသက် ၂၁ နှစ်အရွယ် ကျောနံပါတ် ၁၇ ကစားသမား မောင်သီဟအောင်နှင့် MFF U19 Youth Futsal League 2026 ပြိုင်ပွဲတွင် ကစားနေသည့် အသက် ၁၈ နှစ်အရွယ် ကျောနံပါတ် ၁၁ ကစားသမား မောင်စွမ်းထက်ကျော်တို့သည် ဩဂုတ်လ ၁၉ ရက်နေ့ကတည်းက ပျောက်ဆုံးနေပြီး ယနေ့အချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်း Gold Dream FC အသင်းက သတင်းထုတ်ပြန်သည်။
အသက် ၁၈ နှစ်အရွယ် မောင်စွမ်းထက်ကျော်သည် ဩဂုတ်လ ၁၉ ရက်နေ့ နေ့လယ် ၃ နာရီတွင် Royal Noka FC အသင်းနှင့် ယှဉ်ပြိုင်ကစားပြီးနောက် သုဝဏ္ဏဘောလုံးကွင်းမှ မောင်သီဟအောင် နှင့်အတူ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ မြောက်ဒဂုံမြို့နယ် ၅၀ ကွေ့အထိ ၎င်းတို့နှစ်ဦးနှင့် အဆက်အသွယ်ရရှိခဲ့သော်လည်း ထိုနောက်ပိုင်းမှစတင်ကာ နှစ်ဦးစလုံးနှင့် အဆက် အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဩဂုတ်လ ၁၉ ရက်နေ့က သုဝဏ္ဏဘောလုံးကွင်းကနေ နှစ်ယောက်အတူပြန်လာပြီး မြောက် ဒဂုံ ၅၀ ကွေ့ရောက်တဲ့အထိ အဆက်အသွယ်ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး ယနေ့အချိန်အထိ နှစ်ဦးစလုံးနဲ့ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတာ ၁၀ ရက်ကျော်ရှိနေပါပြီ” ဟု Gold Dream FC အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အသင်းဘက်မှ ပျောက်ဆုံးနေသည့် ကစားသမား ၂ ဦးအား လိုက်လံရှာဖွေနေပြီး သက်ဆိုင်ရာရဲစခန်းတွင်လည်း လူပျောက်အမှုဖွင့် တိုင်ကြားထားကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF မှ တာဝန်ရှိသူများကလည်း လိုအပ်သည့် အကူအညီများ ပေးအပ်နေကြောင်း အသင်းက ဆိုသည်။
“ကစားသမား ၂ ဦးကို မည်သည့်နေရာတွင်မဆို တွေ့ရှိသူ သို့မဟုတ် သူတို့နှစ်ဦးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်စုံတစ်ရာ ကြားသိသူတွေရှိရင် အသင်းကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံပါတယ်။ မိဘတွေကလည်း အလွန်စိုးရိမ်ပူပန်ပြီး လိုက်လံရှာဖွေနေကြပါတယ်” ဟု Gold Dream FC က အများပြည်သူထံ အကူအညီတောင်းခံထားသည်။
စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ်များအတွက် တပ်သားသစ်များ စုဆောင်းရာတွင် နည်းလမ်းမျိုးစုံအသုံးပြု၍ ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် မြို့ကြီးများအပါအဝင် နိုင်ငံတစ်ဝန်းရှိ လူငယ်များကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေပြီး အပြင်သွားလာမှုကိုပင် ရှောင်ရှားလာကြသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ဆယ်ကျော်သက်အရွယ်သားများရှိနေသော မိဘများက ပြောဆိုသည်။
ဓာတ်ပုံ- ပျောက်ဆုံးနေသော ရန်ကုန်မြို့ Gold Dream FC မှ မောင်သီဟအောင်နှင့် မောင်စွမ်းထက်ကျော်။



Leave a Reply