ရွှေကူမြို့သို့ တက်လာသော စစ်ရေယာဉ်အုပ်စုမှ သင်္ဘော ၁ စီးကို KIA နှင့်ပူးပေါင်းတပ်က သိမ်းပိုက်ရရှိ၊ စစ်သင်္ဘောများကို တိုက်ခိုက်မှုအတွင်း အရာရှိများအပါအဝင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြား

ကချင်ပြည်နယ်၊ ရွှေကူမြို့ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီ၏ စစ်ရေယာဉ်အုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့ရာ စက်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးပြီး ရှေ့ဆက်မောင်းနှင်၍မရတော့သည့် စစ်သင်္ဘော ၁ စီးကို သိမ်းပိုက်ရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။
စစ်ကောင်စီ၏ စစ်ရေယာဉ်အုပ်စုသည် ကသာမြို့ဘက်မှ ရွှေကူမြို့ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ FPV ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် စစ်သင်္ဘောအချို့ စက်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
KIA စစ်ရေးသတင်းရင်းမြစ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စက်ပိုင်းဆိုင်ရာ ပျက်စီးသွားသည့် စစ်သင်္ဘောကို စစ်ကောင်စီတပ်က အခြားသင်္ဘောများဖြင့် ဆွဲယူရန်နှင့် တွန်းယူရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သဖြင့် ဘိုကုန်းဒေသတွင် သင်္ဘောကို စွန့်ပစ်ထားခဲ့ရကြောင်း ပြောဆိုသည်။
“ကသာကနေ စဆန်လာချိန် KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ဒရုန်းလက်ချက်ကြောင့် စက်ပိုင်းပျက်စီးသွားတဲ့ သင်္ဘောပါ။ ဘိုကုန်းမှာ ပစ်ထားခဲ့ရတာဖြစ်တယ်။ ဩဂုတ်လ ၂၈ ရက်နေ့က ဘိုကုန်းမှာ စုစုပေါင်း ၄ စီး ကျန်ခဲ့တယ်။ သူတို့ကျန်တဲ့ သင်္ဘောတွေနဲ့ ဆွဲတာ၊ တွန်းတာ လုပ်ကြည့်ကြပေမယ့် ဘယ်လိုမှ ဆွဲခေါ်မရတော့လို့ ဒီသင်္ဘော ၁ စီးကို ပစ်ထားခဲ့ပြီး ကျန် ၃ စီးကိုတော့ အခြားအစီးတွေက ပြန်စုန်လာပြီး နာရီပေါင်းများစွာ ကူရင်း၊ ကယ်ရင်း၊ တွန်းရင်း၊ ဆွဲရင်းနဲ့ ဖြည်းဖြည်းချင်း ရွှေကူဆိပ်ကမ်းဘက်ကို ရောက်လာကြတာ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့နောက် ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်း ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဧရာ၀တီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသော စစ်သင်္ဘော ၃ စီးကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ခြေလျင်တပ်မှ အရာရှိတစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကို စစ်ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ဆောင်ခဲ့ရကြောင်းလည်း သိရှိရသည်။
“ဩဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်း ရွှေကူအထက်ကို တက်လာတဲ့ Ship ၃ စီးထဲက ၁ စီးကို တိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးသွားတယ်။ ၁၆ ဦး သေဆုံးတယ်။ ခြေလျင်တပ်ဘက်က တပ်ရင်းမှူးတစ်ဦးလည်း တိုက်ပွဲမှာ သေဆုံးခဲ့တယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ရဟတ် ယာဉ်နဲ့ လာသယ်ထုတ်သွားတယ်။ အပျက်အစီးတွေနဲ့ လူနာတွေကို နောင်မိုဘက်ကနေ တင်ဆောင်ပြီး ရွှေကူဘက်ကို ပြန်ဆုတ်သွားတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုသည်။
ထို့ပြင် စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရမှုများအတွင်း စစ်ကောင်စီတပ်၏ အရာရှိအဆင့်များလည်း သေဆုံးဒဏ်ရာရမှုများရှိခဲ့ရာတွင် တပ်မ ၃၃ မှ တပ်မမှူးနှင့် ဒုတပ်မမှူးတို့ ၂ ဦးစလုံး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး တပ်ရင်းမှူး ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့အတူ ခလရ ၁၂၀ တပ်ရင်းမှူးမှာလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ စစ်ရေယာဉ်အုပ်စုသည် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ရိက္ခာနှင့် စစ်အင်အားများ ပို့ဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကို ဆက်တိုက်ရင်ဆိုင်နေရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။


Leave a Reply