အရက်မူးနေသည့် စစ်ကောင်စီ ရဲ ၂ ဦးက စတန့်မင်းသား ၁ ဦးကို ဖမ်းဆီးပစ်သတ်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် အရက်မူးနေသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးက စတန့်မင်းသားတဦးအား အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး နာရီပိုင်းအကြာတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
သေဆုံးသူမှာ လေးမျက်နှာမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဇီဝကလမ်းတွင် နေထိုင်သည့် စတန့်မင်းသားဂျွန် (ခေါ်) ကိုဝင်းထက်အောင် (အသက် ၃၉နှစ်) ဖြစ်သည်ဟု သိရသည်။

မတ်လ ၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က သေဆုံးသူ ကိုဝင်းထက်အောင်၏ နေအိမ်မျက်စောင်းထိုးလမ်းမပေါ်တွင် လေးမျက်နှာမြို့မရဲစခန်းမှ ဒုရဲအုပ် ကောင်းထက်လင်း နှင့် ဒုရဲအုပ် သော်ဇင်ဦး ဆိုသူတို့ အရပ်ဝတ်ဖြင့် အရက်မူးပြီး ကျောက်တင်လာသည့် ကားများကို စစ်ဆေးခြင်း၊ လမ်းသွားလမ်းလာ လူငယ်များကိုလည်း မှတ်ပုံတင် စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
ထိုသို့ စစ်ဆေးနေသည်ကို နေအိမ်ရှေ့ထွက်ကြည့်နေသည့် ကိုထက်ဝင်းအောင်အား ရဲနှစ်ဦးက လက်ထိပ်ခတ်ဖမ်းဆီးသွားသည်ဟုလည်း မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးကဆိုသည်။
ထိုသို့ ဖမ်းဆီးသွားပြီး နှစ်နာရီခန့်အကြာ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကိုဝင်းထက်အောင် သေဆုံးပြီဖြစ်ကြောင်း၊ လေးမျက်နှာ ဆေးရုံသို့လိုက်လာရန် ရဲတပ်ဖွဲ့က မိသားစုကို အကြောင်းကြားခဲ့ကြောင်း သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတဦးကပြောသည်။

“ဝင်းထက်အောင် က အိမ်ရှေ့မှာထွက်ကြည့်နေပြီး ခဏနေတော့ ရဲနှစ်ယောက်နဲ့ ဝင်းထက်အောင်နဲ့ စကားပြောနေတာတွေ့တယ်။ သိပ်မကြာဘူး လက်ထိပ်နဲ့ ဖမ်းသွားကြတယ်။ အစကတော့ နောက်တယ် ထင်နေတာ။ ဘာလို့လဲဆိုတော့ ဝင်းထက်အောင် က ဘယ်သူ့ကိုမှ ပြဿနာရှာတတ်တဲ့လူမဟုတ်ဘူးလေ။ ပြီးတော့ ဖမ်းသွားတဲ့ရဲ ကောင်းထက်လင်း က ဝင်းထက်အောင် အိမ်ရဲ့ နောက်ကျောဘက်လမ်းမှာနေတာ ဝင်းထက်အောင်က လူကောင်းမှန်း ဖမ်းသွားတဲ့ရဲ ကောင်းကောင်းသိတယ်”ဟု ၎င်းကဆိုသည်။
၎င်းသည် နယ်ပွဲများတွင် ကပြဖျော်ဖြေသည့် ဇာတ်မင်းသားတစ်ဦးလည်းဖြစ်ပြီး ၎င်းကိုဖမ်းဆီးသွားသူ ရဲနှစ်ဦးသည် ဂိတ်ချစစ်ဆေးခြင်းပုံစံ မဟုတ်ဘဲ အရက်မူးနေသည့်အတွက် ဒေသခံပြည်သူများထံမှ ငွေကြေးတောင်းယူရန်အတွက်သာ စစ်ဆေးခြင်းမျိုးဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
မတ်လ ၃ ရက်တွင် ရဲတပ်ဖွဲ့က ကိုဝင်းထက်အောင်၏ အလောင်းအား လာရောက်ထုတ်ယူခိုင်းခဲ့သည်ဟုသိရပြီး အလောင်းပြန်ရချိန်တွင် ဦးခေါင်းပွင့်ထွက်နေသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ကို သိခဲ့ရကြောင်း ၎င်းကဆိုသည်။
“ရဲစခန်းကို ခေါ်သွားပြီး အချုပ်ခန်းထဲမှာပဲ နားထင်ကို သေနတ်နဲ့ ပစ်လိုက်တာပါ။ အချုပ်ခန်းထဲမှာလည်း သွေးအိုင်ကြီးတွေ့ရတယ်။ ဝင်းထက်အောင်ကို ဖမ်းသွားတဲ့ ရဲ နှစ်ယောက်ထဲက ဘယ်ရဲပစ်တာလဲဆိုတာကို တိတိကျကျမသိရသေးဘူး။
ရဲတွေဘက်ကတော့ ဆိုင်ကယ်မောင်းတာကြမ်းလို့ ခေါ်စစ်ရင်း လက်လွန်တယ်တို့၊ သေနတ်နဲ့ ချိန်ရင်း မတော်တဆ ကျည်ထွက်သွားတယ်တို့ သတင်းလွှင့်ထားတယ်။ အမှန်ကတော့ ရဲတွေမူးပြီး ပိုက်ဆံတောင်းနေတာကို ရပ်ကြည့်နေလို့ တမင်သက်သက်လုပ်တာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးကပြောသည်။
ကိုဝင်းထက်အောင် သေဆုံးမှုနှင့် ပတ်သက်၍ ၎င်းအား ဖမ်းဆီးခဲ့သည့် ရဲနှစ်ဦးကို အခင်းဖြစ်ပွားသည့် ညပိုင်းတွင် လေးမျက်နှာမြို့မ ရဲစခန်းအချုပ်ခန်း၌ ထိန်းသိမ်းထားခဲ့ပြီး လက်ရှိတွင်လည်း ရဲစခန်းဝင်းအတွင်း အကျယ်ချုပ် ပုံစံဖြင့် ထိန်းသိမ်းထားသည်ဟု ၎င်းကဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းမြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက အရပ်သားပြည်သူများကို ဖမ်းဆီးပြီး သတ်ဖြတ်မှုများကို ပြုလုပ်နေသည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် အမျိုးသားသုံးဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး တဦးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကာ တစ်ဦးသည် ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးခဲ့သည် သိရသည်။
ပုံအညွှန်း- စစ်ကောင်စီ ရဲနှစ်ဦးဖမ်းဆီးပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည့် စတန့်မင်းသား ဂျွန် ၏ ဓာတ်ပုံနှင့် နာရေးဖိတ်စာ၊ စတန့်မင်းသားဂျွန်သည် မတ်လ ၂ ရက်ညနေ ၆ နာရီခွဲ အချိန်က ဖမ်းဆီးခံခဲ့ရပြီးနောက် နှစ်နာရီအကြာ ညနေ ၈ နာရီခွဲတွင် ၎င်းသေဆုံးကြောင်း မိသားစုထံ အကြောင်းကြားခဲ့သည်။ (ဓာတ်ပုံ – ပေးပို့)


Leave a Reply