တိဘက်-နီပေါ ရေကြီးမှုအတွင်း ကျောင်းအုပ်ကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် နီပေါကျောင်းသား ၉၀၀ လောက် လွတ်မြောက်ခဲ့

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။
ဩဂုတ် ၂၆ ရက်နေ့တုန်းက ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်တည်ရှိတဲ့ ရေခဲမြစ်တစ်ခု ကျိုးပျက်တဲ့ သက်ရောက်မှုကြောင့် ဘိုတေးကောရှီ မြစ်ရဲ့ ရေလမ်းကြောင်း ပိတ်ဆို့ပြီး တရုတ်ပိုင် တိဘက်ကုန်းမြင့်ဒေသနဲ့ နီပေါ နိုင်ငံ နယ်စပ်မှာ ရုတ်တရက် တောင်ကျရေတွေ အလုံးအရင်း စီးဆင်းခဲ့ပါတယ်။ ညိုညစ်နေတဲ့ ရေထုကြီးနဲ့အတူ ရွာလုံးကျွတ် မျောပါ ပျောက်ဆုံးမှုတွေ ဖြစ်ခဲ့သလို လူနေဧရိယာတွေ အများအပြားဟာလည်း ရွှံ့ထုကြီးတွေ ဖုံးလွှမ်းကုန်ပါတယ်။
ဩဂုတ် ၃၀ ညပိုင်းထိ အခြေအနေအရ အဲဒီဖြစ်ရပ်ကြောင့် သေဆုံးသူ ၈၀၄ ဦးထက်မနည်း ရှိခဲ့သလို ပျောက်ဆုံးစာရင်းကလည်း ၃၀၄၈ ဦးထိ များပြားနေပါတယ်။ ရေကြီးတဲ့နေ့က ဒေသတွင်းမှာ ဟိန္ဒူ ဘာသာရေး ပွဲတော်တစ်ခုကြောင့် ဘုရားဖူးတွေ စည်ကားနေသလို ခြေလျင်နဲ့တောင်တက် ခရီးစဉ် တစ်ခုကြောင့်လည်း နိုင်ငံတကာ တောင်တက်သမားတွေ ရောက်ရှိနေပါတယ်။ ဒါကြောင့် သေဆုံး၊ ပျောက်ဆုံးစာရင်းမှာ နိုင်ငံခြားသားတွေ အများအပြား ပါဝင်ခဲ့ပါတယ်။
နယ်စပ်နားက နူဝါကော့ ဧရိယာမှာ ရှိနေတဲ့ ထရီရှူလီ အလယ်တန်း ကျောင်းမှာတော့ ကျောင်းအုပ်ကြီး ရာဂျန်ဒရာ ဒါဝါဒီဟာ ဒေသစံတော်ချိန် မနက် ၉း၁၀ နာရီ ဝန်းကျင်မှာ တောင်ကျရေတွေ စီးဆင်းလာတယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှု ၄ ခုကို ရရှိခဲ့ပါတယ်။ အဲဒီရေတွေက ထုထည် ဘယ်လောက်များသလဲ ဆိုတာနဲ့ သူ့ရဲ့ကျောင်းထိ ရောက်လာနိုင်သလား ဆိုတာကိုတော့ ဒါဝါဒီက ကြိုမသိခဲ့ပါဘူး။

ဒါပေမဲ့ သူက ကျောင်းသူကျောင်းသားတွေရဲ့ ဘေးကင်းရေးကို ဦးစားပေးဖို့ ချက်ချင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဆရာဆရာမတွေနဲ့ ကျောင်းတာဝန်ရှိသူတွေ အားလုံးကို ဒါဝါဒီက အရေးပေါ် အကြောင်းကြားပြီး ကလေးတွေကို ကုန်းမြင့်ဆီ ချက်ချင်းရွှေ့ပြောင်းစေဖို့ ညွှန်ကြားခဲ့ပါတယ်။
ကျောင်းမှာ အတန်းချိန်စနေပြီ ဖြစ်ပေမယ့် တချို့ ကျောင်းကားတွေက ကလေးတွေကို တင်ဆောင်ပြီး ကျောင်းဝင်းထဲ ဝင်ကာစပဲ ရှိပါသေးတယ်။ ကျောင်းအုပ်ကြီးရဲ့ ညွှန်ကြားချက်အရ ကျောင်းကားတွေ အားလုံးဟာ နောက်ကြောင်းပြန်လှည့်ပြီး ကုန်းမြင့်တွေဆီ ကသောကမျော မောင်းနှင်ခဲ့ရပါတယ်။
ကျောင်းမှာ ရှိနေတဲ့ ကလေးတွေကိုလည်း ဆရာဆရာမတွေရဲ့ ဦးဆောင်မှုနဲ့ ကုန်းမြင့်ပိုင်းဆီကို အရေးတကြီး အပြေးသွားရောက်စေခဲ့ပါတယ်။ ဒါဝါဒီက သူ့ရဲ့ ညွှန်ကြားမှုဟာ အစိုးရိမ်ကြီးပြီး လွန်ကဲတဲ့ တုံ့ပြန်မှု ဖြစ်ခဲ့သလား ဆိုတာကို သံသယ ဝင်မိခဲ့သေးကြောင်း ဝန်ခံပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲဒီရွေးချယ်မှုက သူ့ဘဝ တလျှောက်မှာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
သူ့အနေနဲ့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက် မချခဲ့မိရင်၊ ၁၀ မိနစ်လောက်သာ နှောင့်နှေးခဲ့ရင် သူရော၊ ကလေးတွေပါ သတင်းထောက်တွေနဲ့ စကားပြောနေနိုင်တော့မှာ မဟုတ်ဘူးလို့ ဒါဝါဒီက ဆိုပါတယ်။
ကျောင်းသားမိဘတွေ အပါအဝင် လူ ၄ ဦးဆီက ဖုန်းခေါ်ဆိုမှုတွေ ရခဲ့တဲ့ အတွက်လည်း ဒီအန္တရာယ်ဟာ လျှော့မတွက်သင့်ဘူးလို့ သူ့ကို အတွေးဝင်လာစေခဲ့ကြောင်း ဒါဝါဒီက ရှင်းပြခဲ့ပါတယ်။ မိဘတွေ ဆိုတာက ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲနဲ့ အလောတကြီး မဖြစ်လောက်ဘူးလို့ သူစဉ်းစားခဲ့ကြောင်း၊ ဒါကြောင့်လည်း စက္ကန့်ပိုင်းတောင် မဆိုင်းတော့ဘဲ ကလေးတွေကို ရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့ကြောင်း သူက ပြောပါတယ်။

နောက်တော့ ရွှံ့ရေတွေဟာ တကယ်ပဲ ကျောင်းလေးဆီကို ရောက်လာပြီး ရေဖုံးလွှမ်းသွားခဲ့ပါတယ်။ ၃ ထပ် စာသင်ကျောင်းလေးရဲ့ အမိုးပိုင်းလေးလောက်ကလွဲရင် ကျန်တဲ့ ကျောင်းဝင်းတစ်ခုလုံးဟာ အခုအခါ ဧရာမ ရွှံ့ထုကြီးအောက်မှာ လုံးဝဥဿုံ ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။
ကလေးတွေကို ရွှေ့ပြောင်းပေးနေတဲ့ အချိန်မှာ ကျောင်းသူကျောင်းသား တော်တော်များများက အခြေအနေဟာ သေရေးရှင်ရေး ဖြစ်နေမှန်း မသိခဲ့ကြပါဘူး။ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ ယူနီရှာ အေမတ်ယာက သူနဲ့ သူငယ်ချင်းတွေ ဘေးလွတ်ရာကို ရောက်ပြီး ချက်ချင်းဆိုသလို ကျောင်းဝင်းကို ရွှံ့ရေတွေ အရှိန်အဟုန်နဲ့ ဝင်ရောက်လာခဲ့ကြောင်း ပြောပြပါတယ်။ ၁၀ စက္ကန့်လောက် နောက်ကျရင်တောင် သူတို့တွေ မလွတ်လောက်ဘူးလို့ သူက ပြောပါတယ်။
သူတို့လို အတန်းကြီး ကျောင်းသူကျောင်းသားတွေကို ဆရာဆရာမတွေက ရေကြီးနိုင်ခြေအကြောင်း လာပြောပြီး ချက်ချင်း ထွက်ခွာကြဖို့၊ ဒါမှမဟုတ် အိမ်ပြန်ကြဖို့ အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ ကလေးတွေ တော်တော်များများက အန္တရာယ်ကို ပေါ့ပေါ့ဆဆပဲ သဘောထားပြီး တခြားသူငယ်ချင်းတွေကို စောင့်နေခဲ့ကြပါသေးတယ်။ တောင်ကျရေတွေ အရမ်းနီးလာချိန်ကျမှ အေမတ်ယာနဲ့ သူငယ်ချင်းတွေဟာ ကျောင်းနောက်ဖက်က တောင်ကုန်းပေါ်တက်တဲ့ လမ်းလေးအတိုင်း ကုန်းမြင့်ဆီကို အသည်းအသန် ထွက်ပြေး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ဘေးလွတ်လောက်တဲ့ နေရာရောက်ပြီး စက္ကန့်ပိုင်းမှာတင် ကျောင်းမုန့်စျေးတန်းကို ရေလုံးကြီးက ဝင်ဆောင့်ပြီး အဆောက်အအုံ တစ်ခုလုံး မျောပါသွားတာကို တွေ့ခဲ့ရကြောင်း မိန်းကလေးက ဆိုပါတယ်။
ကျောင်းကို ရေစဖုံးတဲ့ အချိန်တုန်းက ကလေးတွေနဲ့ ဆရာဆရာမတွေဟာ မီတာ ရာဂဏန်းလောက်မြင့်တဲ့ ကုန်းရိုးတစ်ခုပေါ်မှာပဲ ရှိနေခဲ့ပါသေးတယ်။ အဲဒီနောက်မှာမှ နီးစပ်ရာ ကျေးရွာတစ်ခုဆီ သွားရောက် စုဝေးခဲ့ရပါတယ်။ လမ်းတွေလည်း ပျက်စီးကုန်ပြီး နေရာအနှံ့ ရွှံ့ထုကြီး ဖုံးနေတာကြောင့် သူတို့လည်း အဆက်အသွယ်တွေ ပြတ်ပြီး ၂ ညလောက် ရွာမှာပဲ အိပ်ခဲ့ရပါတယ်။ နောက်မှသာ ကယ်ဆယ်ရေး အဖွဲ့တွေက သူတို့ဆီကို ရောက်လာခဲ့ပါတယ်။
ကျောင်းအုပ်ကြီး၊ အေမတ်ယာနဲ့ တခြားသူတွေကိုလည်း ရဟတ်ယာဉ်အသုံးပြုပြီး ဇာတိကျေးရွာတွေဆီ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ လမ်းတွေ ပျက်နေတာကြောင့် ကုန်းကြောင်းကနေ သူတို့ကို ရွှေ့ပြောင်းပေးဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အေမတ်ယာရဲ့ မိခင်က သူဟာ သမီးနဲ့ ခင်ပွန်းကို ဖုန်းခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ဘယ်သူ့ကိုမှ ဆက်သွယ်လို့ မရဘဲ အရမ်းစိတ်ပူနေခဲ့ကြောင်း ပြောပြပါတယ်။ သမီးဖြစ်သူဆီ ဖုန်းခေါ်လို့ မရလို့ စကူတာစီးပြီး ကျောင်းကို လိုက်သွားခဲ့ပေမယ့် ကျောင်းက လုံးဝ ရေမြုပ်နေပြီ ဖြစ်တာကြောင့် သူ့သမီးကို ဆုံးရှုံးလိုက်ရပြီလို့ ထင်ခဲ့ကြောင်း မိခင်ဖြစ်သူက ပြောပါတယ်။ သူဟာ သွေးရူးသွေးတမ်းနဲ့ ဖုန်းကို ဆက်တိုက် ခေါ်နေခဲ့ပြီး တစ်နာရီကျော် အကြာမှသာ တစ်ဖက်က သမီးဖြစ်သူ ဖုန်းပြန်ဖြေတဲ့ အသံကို ကြားခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ စိတ်တင်းထားသမျှ လွှတ်ချပြီး ချုံးပွဲချ ငိုမိတယ်လို့ သူက ဆိုပါတယ်။ တောင်ထိပ်တစ်နေရာကို ရောက်မှပဲ အဖေဖြစ်သူဆီက ဖုန်းကိုလည်း လက်ခံရရှိခဲ့ကြောင်း၊ အဖေနဲ့အမေလည်း ဘေးကင်းတယ်ဆိုတာ သိတော့ သူလည်း စိတ်သက်သာရာ ရခဲ့ပေမယ့် စကားမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားတုန်လှုပ်နေခဲ့မိကြောင်း အေမတ်ယာက ဆိုပါတယ်။
ကျောင်းအုပ်ကြီး ဒါဝါဒီကတော့ ဒေသတွင်းမှာ အရေးပေါ် အချက်ပေး ဥဩတွေ တပ်ဆင်ထားတာ အပါအဝင် ပိုမိုကောင်းမွန်တဲ့ ကြိုတင် သတိပေး စနစ်တွေ တပ်ဆင်ထားမယ် ဆိုရင်တော့ အခုလို သဘာဝ ဘေးမျိုးကြုံလာတဲ့အခါ ဒေသခံတွေအတွက် အရေးပေါ် တုံ့ပြန်ဖို့ အချိန်ပိုရခဲ့လိမ့်မယ်လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် သူက မှန်ကန်ထိရောက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ခဲ့လို့ အသက်တွေ အများကြီး ဘေးကင်းခဲ့တာကိုတော့ ဝမ်းသာမိကြောင်း သူက ဖွင့်ဟခဲ့ပါတယ်။
သူက မနက် ၉း၃၀ နာရီမှ ပြီးမယ့် အတန်းချိန်ထိ စောင့်ပြီးမှ ကလေးတွေကို ရွှေ့ပြောင်းခိုင်းဖို့ စဉ်းစားမိခဲ့သေးကြောင်း ဒါဝါဒီက ဆိုပါတယ်။ အဲဒီလိုသာ ဆုံးဖြတ်မိခဲ့ရင်တော့ အားလုံး ကိုယ်ကျိုးနည်းကုန်မှာ သေချာတယ်လို့ ကျောင်းအုပ်ကြီးက မှတ်ချက်ပေးသွားပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Reuters, The Sunday Times



Leave a Reply