မလှိုင်တွင် စစ်ကော်မရှင် ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် အရပ်သား ၁၂ ဦးအသတ်ခံရ
မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ၊ ထမ္မကြီးကျေးရွာတွင် စစ်ကော်မရှင်က ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ် ခေါင်း ဆောင်အပါအဝင် အရပ်သား ၁၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဩဂုတ်လ ၃၁ ရက် နံနက် ၆ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် မလှိုင်မြို့၏ အရှေ့တောင်ဘက် ၁၁ မိုင်ခန့်အကွာ၌ ရှိသည့် ထမ္မကြီးကျေးရွာသို့ ကား ၄ စီး၊ ဆိုင်ကယ်များဖြင့် ရောက်ရှိလာသော တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
ထို့နောက် စစ်ကော်မရှင်က ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (ပလကဖ) ဥက္ကဋ္ဌ ဦးစိုးလင်းထိုက် အပါအဝင် ၁၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရသည်။
“စိုးလင်းထိုက်က ပျူဥက္ကဌပါ၊ သူအပါ ၁၂ဦးသေတယ်။ ကျန်တဲ့လူတွေကတော့ ပျူလား၊ ပြည်သူလား သေချာမသိရဘူး။ အဲ့ဒီရွာမှာ လက်နက်တွေရှိလားဆိုတာလည်းသေချာတော့မသိရဘူး။ ကျိန်းသေတာတော့ ပျူရွာပါ” ဟု ဖြစ်စဉ်ကို သိရှိသည့် မလှိုင်ဒေသခံတစ်ဦးက ပြောသည်။
“ပျူပုံစံအဖွဲ့ဖွဲ့ထားတာ မှန်ပါတယ်။ ဒါပေမယ့် သူတို့ကြောင့် သေသွားရတဲ့ သူတွေ တစ်ယောက်မှ မရှိပါဘူး။ ဒီတစ်ခေါက်ကတော့ ကျူးလွန်သူတွေအတော်လွန်ပါတယ်။ သတိပေးစာဘာညာမပို့ဘဲနဲ့ အခုလိုလုပ်လိုက်တာက မဖြစ်သင့်ပါဘူး။ သူတို့တွေမှာ လက်နက်လဲမရှိပါဘူး” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ထမ္မကြီးကျေးရွာသည် စစ်ကော်မရှင် ထောက်ခံသူများ အားကောင်းသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ဦးစိုးလင်းထိုက် က ဦးဆောင်၍ ပြည်သူ့စစ်အဖွဲ့များကို ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
သေဆုံးသွားသူများထံတွင် လက်နက် ကိုင်ဆောင်ထားခြင်း ရှိ၊ မရှိ ဆိုသည့် အချက်ကိုမူ အတည်မပြုနိုင်သေးပေ။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကော်မရှင် ထောက်ခံရေးသားသည့် လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ PDF အဖွဲ့များက ရွာအတွင်း ဝင်ရောက်ကာ ရွာသား ၁၂ဦးကို သတ်ဖြတ်သွားသည်ဟု ရေးသားထားသည်။



Leave a Reply