မန္တလေးမှာ အာဏာသိမ်းစစ်တပ်က အရာရှိလို့ယူဆသူမောင်းတဲ့ ကားရှေ့မှာ ဆိုင်ကယ်ပိတ်ရပ်မိလို့ ကားနဲ့ တက်ကြိတ်သွား

မန္တလေးမြို့မှာ ကားရှေ့ရပ်ထားတဲ့ ဆိုင်ကယ်ကို ဖယ်ခိုင်းရာက စကားများပြီး ကားနဲ့ ဆိုင်ကယ်တွေကို တက်ကြိတ်တဲ့ဖြစ်စဉ် ဒီကနေ့မနက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁ ရက် ဒီကနေ့မနက်ပိုင်းက အာဏာသိမ်းစစ်တပ်က အရာရှိလို့ ယူဆရတဲ့သူ မောင်းတဲ့ ကားတစီးရဲ့ရှေ့မှာ ဆိုင်ကယ်ရပ်မိရာက ကားမောင်းသူက ဖယ်ပေးဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဆိုင်ကယ်ရပ်ထားတဲ့ သူတွေထဲက တဦးက နောက်ပြောင်ပြီး ‘မဖယ်ပေးဘူးကွာ’ လို့ ပြောဆိုရာက အာဏာသိမ်းစစ်တပ်ရဲ့ အရာရှိလို့ယူဆရသူ မောင်းတဲ့ ပရာဒို(Prado) ကားတစီးက ဆိုင်ကယ် ၄ စီးကို ဝင်တိုက်ပြီး တက်ကြိတ်ခဲ့တာကြောင့် ဆိုင်ကယ်တစီးက ကားအောက်မှာ ချိတ်ပါသွားခဲ့တယ်လို့ သိရပါတယ်။

ကားနဲ့ ဝင်တိုက်တက်ကြိတ်မှုကြောင့် လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ် ၄ စီး ပျက်စီးခဲ့ပြီး ဆိုင်ကယ် တစီးဟာလည်း ပရာဒိုကားရဲ့ အောက်ပိုင်းမှာ ငြိပါသွားခဲ့ကာ မီးပွားတွေ ထွက်တဲ့အထိ လမ်းပေါ်တရွတ်တိုက် ဆွဲပါသွားခဲ့တာကို ရုပ်သံဖိုင်မှာ မြင်တွေ့ရပါတယ်။



Leave a Reply