ချင်းမိုင်တွင် မွေးပြီး ၅ ရက်သာရှိသေးသည့် ကလေးငယ် လမ်းဘေးစွန့်ပစ်ခံရ၊ ရဲတပ်ဖွဲ့ က မိခင်ဖြစ်သူကို ရှာဖွေနေ

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဒွိုင်ဆကက်မြို့နယ်တွင် မွေးပြီး ၅ ရက်ခန့်သာရှိသေးသည့် မိန်းကလေးငယ်တစ်ဦးကို လမ်းဘေးမြက်ခင်းအတွင်း စွန့်ပစ်ထားသည်ကို ယနေ့ စက်တင်ဘာ ၁ ရက် နံနက်အစောပိုင်းတွင် အများပြည်သူတစ်ဦးက တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က ဆေးရုံသို့ ပို့ဆောင်ကာ ကယ်တင်ခဲ့သည်။
ကလေးငယ်ကို ချင်းမိုင်ခရိုင် ဒွိုင်ဆကက်မြို့နယ် ချင်းဒွိုင်ခရိုင်ခွဲ ဘန်ဖိုထောင်းကျာရိန်ကျေးရွာအနီး လမ်းဘေးမြက်ခင်းအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နံနက်ပိုင်း လေ့ကျင့်ခန်းပြုလုပ်ရန် ထွက်လာသူတစ်ဦးက ကလေးငိုသံကို ကြားရှိပြီးနောက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးရာတွင် ကလေးငယ်ကို အညိုရောင်လက်သုတ်ပဝါဖြင့် ပတ်ထားပြီး မြေပြင်မြက်ခင်းပေါ်တွင် ငိုယိုနေသည်ကို တွေ့ရှိခဲ့သည်။
ထို့နောက် ဒွိုင်ဆကက်ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ပြီး ဆေးစစ်ဆေးမှုအရ ကလေးငယ်မှာ မိန်းကလေးဖြစ်ကာ အသက် ၅ ရက်ခန့်ရှိကြောင်း သိရသည်။

ကလေးငယ်သည် ကိုယ်ခန္ဓာကျန်းမာရေးအခြေအနေ ကောင်းမွန်သော်လည်း အားနည်းနွမ်းနယ်နေသဖြင့် ဆေးရုံတွင် ဆက်လက်စောင့်ကြည့်ကုသပေးနေသည်။
ထိုင်းလူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေးဌာနကိုလည်း အကြောင်းကြားထားပြီး ကလေးငယ်အား ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေး ဆောင်ရွက်နေသည်။
တစ်ဖက်တွင် ကလေးငယ်ကို စွန့်ပစ်ခဲ့သူကို ဖော်ထုတ်နိုင်ရေးအတွက် ဒွိုင်ဆကက်ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာနှင့် အနီးဝန်းကျင်လမ်းကြောင်းများရှိ လုံခြုံရေးကင်မရာမှတ်တမ်းများကို စစ်ဆေးနေသည်။

ထို့အပြင် လွန်ခဲ့သည့် တစ်ပတ်အတွင်း ကလေးမွေးဖွားထားသည့် အချက်အလက်များ ရှိ၊ မရှိ သိရှိနိုင်ရန် အနီးဝန်းကျင်ရှိ ဆေးရုံများနှင့်လည်း ဆက်သွယ်စစ်ဆေးနေသည်။
ရဲတပ်ဖွဲ့အနေဖြင့် ရရှိထားသည့် အထောက်အထားများနှင့် သတင်းအချက်အလက်များကို အခြေခံ၍ ကလေးငယ်ကို စွန့်ပစ်ခဲ့သူကို ဖော်ထုတ်ကာ စစ်ဆေးမေးမြန်းပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်သည်။
Ref: mgronline



Leave a Reply