တစ်လင်တစ်မယားစနစ်ပြဋ္ဌာန်းခိုင်းသည့် မဘသ အဖွဲ့အစည်း YMBA အတွင်းရေးမှူး မယားငယ်ထား၍ ဓာတ်တိုင်တွင် ကြိုးတုပ်ရိုက်နှက်ခံရ

YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်အား စရဖ အယောင်ဆောင် အမျိုးသား ၄ ဦးက ရုံးဝင်းအတွင်း ဝင်ရောက်၍ သေနတ်ပြ ခြိမ်းခြောက် ရိုက်နှက်မှု ဖြစ်ပွားခဲ့။
ဩဂုတ် ၂၀ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ ရိုက်နှက်မှုတွင် ပါဝင်သူ ၄ ဦးကို အကြမ်းဖက်စစ်တပ်၏ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် ဖမ်းဆီးရမိထားပြီး ပုဂ္ဂိုလ်ရေးအရ ငှားရမ်းရိုက်နှက်ခိုင်းသူကို ဆက်လက် ရှာဖွေနေ။
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုရုံးဝင်းအတွင်း၌ ဩဂုတ်လ ၂၀ ရက် မွန်းလွဲပိုင်းက အသင်းဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်အား
စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) မှဖြစ်သည်ဟု ဟန်ဆောင်ထားသူ လက်နက်ကိုင် အမျိုးသား ၄ ဦးက ဝင်ရောက်၍ သေနတ်ပြ ခြိမ်းခြောက် ရိုက်နှက်ကာ တိတ်ဖြင့် ချည်နှောင်ဖမ်းဆီးရန် ကြိုးပမ်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အတွင်း ရုံးခန်း၌ ရှိနေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်ကို သေနတ်ဖြင့် ချိန်ထားပြီး ဦးမောင်မောင်ညွန့်အား ၎င်းပိုင် မော်တော်ယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း
ရုံးဝန်ထမ်းများ၏ အော်ဟစ်အကူအညီတောင်းခံမှုနှင့် ခြံဝင်းတံခါး ပိတ်လိုက်နိုင်မှုကြောင့် ကျူးလွန်သူများမှာ ယာဉ်ကို ထားရစ်ခဲ့ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဦးမောင်မောင်ညွန့်တွင် ညာဘက်မျက်လုံး ဖူးယောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သည်။
စစ်ဆေးချက်များအရ အဆိုပါ အကြမ်းဖက် ရိုက်နှက်မှုတွင် ပါဝင်သူ ၄ ဦးကို CCTV မှတ်တမ်းများမှတစ်ဆင့် အကြမ်းဖက်စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဩဂုတ် ၂၃ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ဒဂုံမြို့မရဲစခန်း၌ စစ်ဆေးလျက်ရှိသည်။
ယင်းဖြစ်စဉ်မှာ အသင်း၏ အဖွဲ့အစည်းဆိုင်ရာ ဆောင်ရွက်ချက်များနှင့် မသက်ဆိုင်ဘဲ ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူတစ်ဦးက လှိုင်သာယာမြို့နယ်မှ လူမိုက်များကို ငှားရမ်းခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း သိရပြီး စေခိုင်းသူဟု ယူဆရသည့် “ထိုက်တန်” ဆိုသူအား ဆက်လက် ရှာဖွေနေသည်။
ထို့ပြင် အခင်းမဖြစ်ပွားမီ တစ်ရက်ကလည်း YMBA ရုံးအတွင်းရှိ CCTV ကွန်ပျူတာ Hard Disk ခိုးယူခံခဲ့ရပြီး ပူးပေါင်းကြံစည်မှုများတွင် ရန်ကင်းမြို့နယ်အတွင်းသူအချို့ ပါဝင်နေကြောင်း သိရသည်။
YMBA ဗဟိုဥက္ကဋ္ဌထံ ပေးပို့သည့် တိုင်ကြားစာများ၌မူ ဦးမောင်မောင်ညွန့်သည် တရားဝင် ဇနီးနှင့် သမီး ၂ ဦး ရှိပါလျက် အိမ်ထောင်ရေး ဖောက်ပြန်ကာ မဟာသမယသုတ်တိုက်မှ ညှိနှိုင်းရေးမှူးနှင့် ပေါင်းသင်းနေထိုင်မှု၊ ဇနီးဖြစ်သူ၏ စီးပွားရေးဆိုင်ရာနှင့် မိသားစုဆိုင်ရာ ကိစ္စများတွင် တာဝန်မဲ့မှုများ ရှိခဲ့သည်ဟု စွပ်စွဲဖော်ပြထားချက်များလည်း ထွက်ပေါ်ခဲ့သည်။
ပြစ်မှုကျူးလွန်ခံရသူ ဦးမောင်မောင်ညွန့်သည် စစ်အာဏာမသိမ်းမီက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NDF ပါတီ ကိုယ်စားပြု၍ ရန်ကင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။
YMBA အသင်းသည် ၎င်းတို့အသင်းနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုထားသော်လည်း ၂၀၂၁ ခုနှစ် အဓမ္မ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်နှင့် နီးစပ်သည့် ရပ်တည်ချက်များကြောင့် ပြည်သူလူထုအကြား ဝေဖန်မှုများ ကြုံတွေ့နေရသည့် အဖွဲ့အစည်း ဖြစ်သည်။


Leave a Reply