စစ်သင်္ဘောပေါ်ကအလံဖြူထောင်တဲ့ စစ်သား ၁၀၀ ကျော်ကို KIA ပူးပေါင်းတပ်ကလုံခြုံရာပို့ဆောင်

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်ပေးခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ ၂ ရက် မနက်အစောမှာ တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအပါအဝင် စစ်ကောင်စီသင်္ဘော ၄ စီး လုံး၀ ပျက်စီးသွားပြီး စစ်သုံ့ပမ်းတွေများစွာ အလံဖြူထောင်လက်နက်ချခဲ့ပါတယ်။
အလံဖြူထောင်တဲ့ စစ်ကောင်စီသင်္ဘောဟာ စင်းခန်းတံတားအနီးမှာ ထိခိုက်ပျက်စီးခဲ့တဲ့သင်္ဘောဖြစ်ပြီးစစ်သား ၆၀ ကျော် ပါဝင်တယ်လို့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ပျက်စီးသွားတဲ့ သင်္ဘောပေါ်က အလံဖြူထောင်အလင်းဝင်လာတာက ၆၀ ကျော်တယ်။ အဲဒီမှာ စစ်မေတွေလည်းပါတယ်။” လို့ သူက ပြောပြပါတယ်။
ဒါ့အပြင် အခြားစစ်သင်္ဘော တစ်စီးကလည်း အလံဖြူထောင်လက်နက်ချသူတွေရှိပြီး စစ်သုံ့ပန်း ၁၀၀ ကျော်တယ်လို့ အခြားစစ်ရေးရင်းမြစ်ကပြောပါတယ် ။

သတင်းရင်းမြစ်က ပေးပို့လာတဲ့ ရုပ်သံမှာလည်း စင်းခန်းတံတားအောက်လို့ ယူဆရတဲ့ နေရာက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို KIA ပူးပေါင်းတပ်က နေရာရွှေ့ပြောင်းနေတာ တွေ့ရပါတယ်။
“ဒီမှာ မလုံခြုံဘူး လုံခြုံတဲ့နေရာသွား” လို့ တော်လှန်ရေးရဲဘော်တဦးက စစ်သုံ့ပန်းတွေကို ပြောကြားနေတာ ကြားရပါတယ်။ စစ်သုံ့ပမ်းတွေနဲ့အတူ အမျိုးသမီးအချို့ ကလေးငယ်အချို့ ဒဏ်ရာရသူအချို့ကိုလည်း တွေ့ရပါတယ်။
“အားကောင်းမောင်းသန်တယောက် ဟိုမှာ မင်းတို့ သူငယ်ချင်းသွားကူအုံး။ ဟိုးမှာ အနောက်မှာ ဒဏ်ရာရတဲ့သူတွေ။” လို့ စစ်ကောင်စီတပ်သားအချင်းချင်း ကူညီပေးဖို့ တော်လှန်ရေးရဲဘော်က ဆော်ဩနေတာကိုလည်း ရုပ်သံမှာ ကြားရပါတယ်။
ဒီကနေ့ ရွှေကူ- ဗန်းမော်ကြား တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရှင်ဖမ်းဆီးခံရတာ ရှိသလို သေဆုံးထိခိုက်တွေလည်း များပြားခဲ့ပါတယ်။
“ဧရာ၀တီမြစ်ပေါ်မှာ အလောင်းတွေမျော၊ ပစ္စည်းတွေ၊ ကျောပိုးအိတ်တွေ အိပ်ယာလိပ်တွေမျော အိုး အများကြီးပဲ အများကြီးပဲ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
KIA ပူးပေါင်းတပ်ဟာ ရွှေကူ-ဗန်းမော်ကြား စစ်သင်္ဘောနဲ့အတူ မြေပြင်ကနေ စစ်ရေးလှုပ်ရှားလာတဲ့စစ်တပ်မြေပြင်စစ်ကြောင်းကိုလည်း အထိနာတပ်လန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြထားပါတယ်။
ရွှေကူမှာ သုံ့ပန်းတစ်ချို့ ဖမ်းဆီးရမိကြောင်း ရုပ်သံထွက်ပေါ်နေ

ရွှေကူမြို့ကနေ ဗန်းမော်ကို ဦးတည်ဆန်တက်ဖို့ကြိုးစားနေတဲ့ စစ်သင်္ဘောအုပ်စုဟာ စင်းခန်းတံတားကို ဧရာဝတီမြစ် အတိုင်း ဖြတ်သန်းချိန်မှာ တိုက်ခိုက်ခံရပြီး စစ်သင်္ဘောအုပ်စုထဲက ရေယာဥ်တချို့မီးလောင်ပျက်စီးနစ်မြုပ်တာတွေ အပြင် စစ်တပ်ဘက်ကသေဆုံးဒဏ်ရာရတာတွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။
ဒါ့အပြင် စစ်သင်္ဘောပေါ်လိုက်ပါလာတဲ့ စစ်သားတွေက အလံဖြူထောင်လက်နက်ချတာတွေရှိနေတယ်လို့ ကာကွယ် ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။
KNG ကရရှိထားတဲ့ ရုပ်သံအချက်အလက်တွေထဲမှာလည်း လက်နက်ချထားတဲ့အရပ်ဝတ်နဲ့တပ်သားတချို့အပြင် ၊ သူတို့နဲ့ အတူ အမျိုးသမီးနဲ့ ကလေးငယ်တွေကိုလည်းတွေ့ရပါတယ်။
အဲ့ဒီရုပ်သံနဲ့ပတ်သက်လို့ အဲဒီလူတွေဟာ စစ်သင်္ဘောပေါ်က လိုက်ပါလာသူတွေဖြစ်နိုင်တယ်လို့ ရွှေကူဒေသက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သူတို့က ဗန်းမော်မှာ အကုန်လုံး သူတို့ရဲ့ စီမံကိန်းက အပီအပြင်ပဲ။ ဗန်းမော်ကို ရအောင်ထိန်းချုပ်၊ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်မယ်ပေါ့။ သူတို့ရဲ့ စစ်သင်္ဘောထဲမှာ ဝန်ထမ်းမိသားစုတွေပါခဲ့တာ ဟုတ်တယ်။ ဒီသတင်းတွေကို ကျနော်တို့ အရင်ကတည်းက ကြိုကြားသိထားပါတယ်” လို့ အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
စစ်သင်္ဘောတွေ ရွှေကူမြို့ဆိပ်ကမ်းမှာ ကမ်းကပ်ချိန် ရရှိထားတဲ့ သတင်းအချက်အလက်တွေအရလည်း စစ်သင်္ဘောပေါ်က ကုန်တွေ အတင်အချလုပ်ဖို့အတွက် ဒေသခံကုန်ထမ်းသမားတွေကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ရုပ်သံထဲမှာတွေ့ရတဲ့ လူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေဖြစ်နိုင်သလို ကုန်တင်ကုန်ချ လုပ်ငန်းနဲ့ ချောဆွဲခံရသူတွေ ဖြစ်နိုင်ခြေလည်း ရှိပါတယ်။
ဒါ့အပြင် စစ်သင်္ဘောအုပ်စုကို တိုက်ခိုက်မှုတွေအတွင်း သင်္ဘောတချို့ မြုပ်သွားတာ၊ မြုပ်လုနီးပါးဖြစ်တာတွေလည်း ရှိတယ်လို့ အဲဒီတပ်ဖွဲ့ဝင်က ခန့်မှန်းပြောဆိုပါတယ်။
“သေဆုံးအရေအတွက်တွေလည်း တော်တော်များပါလိမ့်မယ်။ သင်္ဘောတွေလည်း အပြီးမြုပ်တာနဲ့ မြုပ်လုမြုပ်ချင် ဖြစ်တာတွေလည်း ကျနော်တို့ သိရတာရှိပါတယ်။ သူတို့ စင်းခန်းကိုတော့ မကျော်နိုင်သေးပါဘူး” လို့ ဆိုပါတယ်။
လက်ရှိ ရရှိထားတဲ့ ရုပ်သံမှတ်တမ်းထဲမှာ တွေ့ရသူတွေဟာ စစ်သုံ့ပန်းတွေ၊ စစ်သင်္ဘောဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုတွေဒါမှမဟုတ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


Leave a Reply