ထားဝယ်မှာ ပျူစောထီးခေါင်းဆောင် လင်မယား ၂ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရှင်းလင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကြက်စာပြင်ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် လင်မယား ၂ ဦးကို တော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက် ည ၈ နာရီဝန်းကျင်ခန့် ကြက်စာပြင်ရပ်ကွက်နေ ပျူစောထီးခေါင်းဆောင် ထွန်းဝင်း(ခ)လူမဲနဲ့ ဇနီးဖြစ်သူတို့ကို ၎င်းတို့နေထိုင်ရာ နေအိမ်မှာ အလစ်ဝင်ရောက် တိုက်ခိုက်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝင်ရောက်ရှင်းလင်းအပြီးမှာ ပျူစောထီးခေါင်းဆောင်ထံမှ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၂၈ တောင့်၊ စကားပြောစက် ၁ လုံး၊ ဖုန်း ၁ လုံးနဲ့ ငွေကျပ် ၂ သိန်း ၈ သောင်းပါ ပိုက်ဆံတလုံးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပျူစောထီးခေါင်းဆောင် ထွန်းဝင်း(ခ)လူမဲနဲ့ ဇနီးဖြစ်သူကို ရှင်းလင်းမှုဟာ ကြက်စာပြင်ရပ်ကွက်နေ ပြည်သူလူထုနဲ့ လုံးဝသက်ဆိုင်မှု မရှိကြောင်းနဲ့ Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


Leave a Reply