ရန်ကုန်မှာ ကျောင်းသွားနေချိန် ဝိုင်းဖမ်းလို့ “ကျောင်းသားပါ” အော်ကာ အသက်လုထွက်ပြေးခဲ့ရတဲ့ လူငယ်လေး

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ထဲက ကိုယ်ပိုင်အထက်တန်းကျောင်း တက်ရောက်နေတဲ့ ကျောင်းသားတစ်ယောက်ကို အမည်မသိလူအုပ်က စက်ဘီးပစ်ကန်ပြီး ဝိုင်းဖမ်းဖို့ ကြိုးစားခဲ့တယ်လို့ ကျောင်းသားရဲ့မိခင်က ထုတ်ပြောလာပါတယ်။
ကျောင်းသားဟာ ကျောင်းနောက်ကျနေလို့ စက်ဘီးအမြန်နင်းကာ ကျောင်းသွားနေချိန်မှာ ဖြစ်ခဲ့တာပါ။
တနေရာမှာ ထွက်လာတဲ့ လူအုပ်က စက်ဘီးကို ပစ်ကန်လိုက်လို့ ကျောင်းသားရော စက်ဘီးပါ လဲကျသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် လူအုပ်က ဝိုင်းအုံလာကာ ဂုတ်ကို ဖမ်းဆွဲလိုက်ချိန်မှာ ကျောင်းသားက “ကျွန်တော် ကျောင်းသားပါ” လို့ အော်ဟစ်ပြောပြီး လူအုပ်ကို တွန်းဖယ်ကာ စက်ဘီး အမြန်ဆွဲယူကာ ထွက်ပြေးလာခဲ့ရတယ်လို့ မိဘတွေကို ပြန်ပြောပြခဲ့ပါတယ်။
ကျောင်းသားက “ကျောင်းသားဆိုရင် လွှတ်လိုက်တော့” လို့ ပြောသံမျိုးကို ကြားခဲ့ရပေမယ့် ဇောနဲ့မို့ မသဲကွဲဘူးလို့လည်း ပြောပါတယ်။

ဖြစ်စဉ်က ရုတ်တရက်ဖြစ်ပြီး ထိတ်လန့်ကာ အမြန်ထွက်ပြေးလာရတာကြောင့် သူ့ကို ဝိုင်းဖမ်းသူတွေက ဘယ်သူတွေဖြစ်တယ်၊ လူအင်အားဘယ်လောက်ရှိတယ်ဆိုတာကို မမြင်မိလိုက်ဘူးလို့ ဆိုပါတယ်။
အကန်ခံရပြီး လဲကျသွားလို့ စက်ဘီးက ကောက်သွားခဲ့သလို ကျောင်းသားလည်း ပြင်းထန်စွာ လဲကျခဲ့တာကြောင့် နံရိုးနာကျင်ခြင်းအပါအဝင် ဒဏ်ရာတချို့ ရခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
ဒီဖြစ်စဉ်ကို မိခင်ဖြစ်သူက အခြားသော မိဘတွေ သတိထားနိုင်ဖို့ဆိုကာ ဗီဒီယိုနဲ့တကွ လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။


Leave a Reply