စာမတတ်ပေမတတ် ပြောဆိုမှုတွေကို ရေးခဲ့တဲ့သတင်းစာတောင် အထောင်းခံရမှာစိုးလို့ ပြန်လိမ်ပေးနေရတဲ့ အဖြစ်

စစ်ခေါင်းဆောင် Software ဟု စကားမှားသွား၍ ပြင်ဆင်ချက် ပြန်ထည့်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘီလာရုစ်သမ္မတလူကာရှန်နှင့် တွေ့ဆုံပြီး မီဒီယာများအားရှင်းလင်းစဉ် စီးပွားရေးပိတ်ဆို့အရေးယူမှုအကြောင်းပြောရာ၌ “ဆော့ဝဲလ်” စကားလုံးကို အဆက်စပ်မရှိ ထည့်သွင်းပြောဆိုသဖြင့် ဝေဖန်မှုများရှိလာပြီးနောက် စစ်ကောင်စီသတင်းစာများ၌ အမှားပြင်ဆင်ချက် ပြန်လည်ထည့်သွင်းခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် စစ်ခေါင်းဆောင်က “Sanctions လုပ်တယ်ဆိုရင် Sanctions လို့ခေါ်တဲ့ အဖွဲ့အစည်းတွေ၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက အတိုက်အခိုက်ခံရတဲ့ Software တွေက အင်အားစုစည်းမှုကို ပိုမိုရရှိစေပြီးတော့မှ ပြိုင်ဆိုင်မှုတွေကို ပြင်းထန်လာစေမယ်ဆိုတာကိုလည်း သတိပြုစေလိုပါတယ်” ဟု ပြောကြားခဲ့ကြောင်း မတ်လ ၈ ရက်ထုတ် သတင်းစာများ၌ ဖော်ပြသည်။

ထိုဖော်ပြချက်နှင့်ပတ်သက်၍ “Software” ဆိုသည့် စကားလုံးကို ချန်လှပ်၍ ပြင်ဆင်ဖတ်ရှုရန် ယနေ့ထုတ် စစ်ကောင်စီ သတင်းစာများ၌ အမှားပြင်ဆင်ချက် ပြန်လည် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သတင်းစာရှင်းလင်းပွဲအတွင်း စစ်ခေါင်းဆောင်က ဘီလာရုစ်နိုင်ငံကို မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ရန်ဖိတ်ခေါ်ခဲ့ပြီး မြန်မာနိုင်ငံတွင် မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်လျားသည့် ကမ်းရိုးတမ်းတလျှောက် အဓိကကျသည့် ရေနံဆိပ်ကမ်းများရှိကြောင်း၊ အထူးသဖြင့် ထားဝယ်၊ သီလဝါနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့၌ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများရှိကြောင်းလည်း ထည့်သွင်းပြောဆိုသည်။

ဓာတ်ပုံ- MOI

Comments

Leave a Reply

Your email address will not be published. Required fields are marked *